News

POST TYPE

LATEST NEWS POST

COVID-19 ကမ္ဘာပျံ့နှံ့စေမှုအတွက် တရုတ်နိုင်ငံတာဝန်ယူရမည်ဟု ကုလသမဂ္ဂတွင် ဒေါ်နယ်ထရမ့်ပြော
23-Sep-2020


နယူးယောက်၊ စက်တင်ဘာ ၂၃

စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် သမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်း COVID-19 ဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားစေမှုအတွက် မဖြစ်မနေတာဝန်ယူရမည်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က အထွေထွေညီလာခံသို့ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် တရုတ်ပြည်အနေနှင့် မည်သည့်နိုင်ငံတစ်နိုင်ငံနှင့်မျှ စစ်အေးတိုက်ပွဲ သို့မဟုတ် တကယ့်စစ်အင်အားနှင့် စစ်တပ်တို့အသုံးပြုကာ တိုက်ရသည့်တိုက်ပွဲ ဖြစ်လိုသည့်ဦးတည်ချက် မရှိပါကြောင်း အသိပေးပြောကြားသည်။

သမ္မတရှီကျင့်ဖျင် အထွေထွေညီလာခံ(UNGA) သို့ ပြောသည့်မိန့်ခွန်းတွင် ရန်စပြုမူလိုသည့်သဘောထားမျိုးမတွေ့ရသော်လည်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဇန်ဂျွန်းက COVID-19 နှင့်ပတ်သက်၍ တရုတ်ပြည်အပေါ် အမေရိကန်သမ္မတထရမ့်၏ စွပ်စွဲချက်များ တုံ့ပြန်ကန့်ကွက်လိုက်သည်။
သမ္မတထရမ့်သည် ကုလသမဂ္ဂဆိုသည့် ကမ္ဘာလုံးဆိုင်ရာပလက်ဖောင်းကို အသုံးချကာ ထိပ်တိုက်ပဋိပက္ခဖြစ်အောင် ရန်စခဲ့သည်ဟု သံအမတန်ကြီးဇန်ဂျွန်းကဆိုသည်။

‘တရုတ်နိုင်ငံအပေါ် သမ္မတထရမ့်၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဘဲ လိမ်ညာမှုများကို အကြိမ်ထောင်သောင်းမက ထပ်မံပြောဆိုလိမ်ညာနေခြင်းသာဖြစ်သည်’ ဟု ၎င်းကပြောကြားသည်။

ကမ္ဘာ့စီးပွားရေးထိပ်သီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်၊ ကုန်သွယ်ရေး၊ နည်းပညာအငြင်းပွားမှုစသည်တို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာလျက်ရှိသလို ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအဆင့်သို့ရောက်ရှိနေသည်။