News

POST TYPE

LATEST NEWS POST

ရုရှားမှ တရုတ်သို့တင်သွင်းခဲ့သော ကင်းမွန်ပါကင်များတွင် ကိုဗစ်ပိုးတွေ့
21-Sep-2020

(တရုတ်နိုင်ငံမှ ပင်လယ်စာအရောင်းဆိုင် တစ်ဆိုင်-photo-Reuters)

စက်တင်ဘာ ၂၁

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ် အာဏာပိုင်များသည် ကင်းမွန်သွင်းကုန် ပါကင်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖူယူမြို့ တာဝန်ရှိသူများက တနင်္ဂနွေနေ့(စက်တင်ဘာ၂၀) တွင် ပြောဆိုခဲ့ပြီး အဆိုပါ ကင်းမွန်များကို ဝယ်ယူသွားခဲ့မိသည့် မည်သူမဆို ဆေးစစ်မှုခံယူကြရန် တိုက်တွန်းခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

ပြည်နယ်မြို့တော် ချန်ချွန်းမှတဆင့် ဖူယူမြို့သို့ရောက်ရှိလာခဲ့သော ယင်းသွင်းကုန်များထဲမှ တစ်သုတ်တွင် ဗိုင်းရပ်စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဖူယူမြို့ ကျန်းမာရေးရုံးက ၎င်းတို့၏ WeChat အကောင့်တွင် တနင်္ဂနွေနေ့က တင်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၄ မှ သြဂုတ် ၃၁ ရက်အတွင်း ဒေသတွင်း အေးခဲပင်လယ်စာလက္ကားစျေးဆိုင်ကြီးမှ ယင်း ကင်းမွန်များ ဝယ်ယူစားသုံးမိခဲ့ကြသူများအနေဖြင့် နီးစပ်ရာ အာဏာပိုင်များထံ သတင်းပို့၍ COVID-19 စစ်ဆေးမှုခံယူကြရန် တိုက်တွန်းခဲ့သည်။

ယင်းကင်းမွန်များကို ဟန်ချွန်းမြို့ ကုမ္ပဏီတစ်ခုက ရုရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ်မြို့တော်သို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ချန်ချွန်း COVID-19 ကာကွယ်ဟန့်တားရေးရုံးက ပြောဆိုသည်။

အေးခဲပင်လယ်စာ ထုတ်ကုန်များတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ပါက ကုမ္ပဏီများကို သီတင်းတစ်ပတ် ကုန်တင်သွင်းခွင့် ရပ်ဆိုင်းမည်ဖြစ်ကာ တင်သွင်းရောင်းချသူများ၏ ထုတ်ကုန်များတွင် ဗိုင်းရပ်စ် သုံးကြိမ်နှင့်အထက် စစ်ဆေးတွေ့ရှိခဲ့ပါက တစ်လကြာ ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း တရုတ် အကောက်ခွန်ဌာနက သောကြာနေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ စတင်ပေါ်ထွက်လာခဲ့သော ဗိုင်းရပ်စ်သည် ယခုအခါ တရုတ်ပြည်မကြီးတွင် အလွန်နည်းသော ပိုးကူးစက်အရေအတွက်ဖြင့်သာ တွေ့ရှိတော့သည်။ စနေနေ့က ထပ်တိုး ပိုးတွေ့လူနာသစ် ၁၀ ဦး ရှိခဲ့ကြောင်း သိရကာ ယင်းတို့အားလုံးမှာ ပြည်ပနိုင်ငံအသီးသီးမှ ဝင်ရောက်လာကြသူများဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက တရုတ်မြို့ကြီးနှစ်မြို့မှ ဒေသဆိုင်ရာ အာဏာပိုင်များက အေးခဲ အစားအစာ သွင်းကုန်ပါကင်များပေါ်တွင် ဗိုင်းရပ်စ် အစအနများတွေ့ရှိရကြောင်း ပြောဆိုခဲ့ကြသည်။ ယင်းသို့ပြောဆိုပြီးနောက်တွင် အစားအစာများ သို့မဟုတ် ပါကင်ထုတ်များမှတဆင့် COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်စေသော အထောက်အထားမတွေ့ရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုခဲ့သည်။ CNA

F-04