News

POST TYPE

LATEST NEWS POST

ကြံမျိုးများ၏ အရည်အသွေးနှင့် အထွက်နှုန်းလေ့လာခြင်း သုတေသနပြုလုပ်
20-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၀

ယခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကြံအထွက်နှင့်သကြားအထွက်နှုန်းကောင်း၍ အရည်အသွေးကောင်းသည့် ကြံမျိုးများ ရရှိရန်ရည်ရွယ်၍ အလားအလာကောင်းသည့်ကြံမျိုးများ၏ ရိတ်သိမ်းချိန်အလိုက် အရည်အသွေးနှင့် အထွက်နှုန်း လေ့လာခြင်းသုတေသနကို သုတေသနပညာရှင်များက သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပညာရှင်များသည် အရည်အသွေးကောင်း၊ အထွက်ကောင်း စက်မှုသီးနှံမျိုးသစ်များ သုတေသနပြုရှာဖွေဖော်ထုတ်ရန်၊ အထွက်နှုန်းတိုးစေမည့် စိုက်ပျိုးနည်းစနစ်များ စမ်းသပ်ရှာဖွေရန် နှင့် ရရှိလာသည့် စက်မှုသီးနှံမျိုးသစ်များနှင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူများထံ ဖြန့်ဝေပေးရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ သုတေသနတွင် အသုံးပြု စိုက်ပျိုးထားသည့်ကြံမျိုးများမှာ ၂၀၁၁ ခုနှစ်တွင် မျိုးကူးစပ်ရရှိခဲ့သည့် ကြံမျိုး ၁၇ မျိုး နှင့် ထုတ်ဝေပြီးမျိုးဖြစ်သော DAR- 4 ကြံမျိုးကို စံထားမျိုးအဖြစ် အသုံးပြုထားခြင်းဖြစ်ကာ စုစုပေါင်း ကြံမျိုး ၁၈ မျိုးကို စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ပြီး စမ်းသပ်ချက်များအဖြစ် ကြံသီးနှံ၏ သက်တမ်း ၁၀ လသားတွင် ရိတ်သိမ်းခြင်း၊ ၁၁ လသားတွင် ရိတ်သိမ်းခြင်းနှင့် တစ်နှစ်သားတွင် ရိတ်သိမ်းခြင်းတို့ကို စပလစ်ပလော့ထ်ဒီဇိုင်းကို အသုံးပြုကာ ထပ်ပြုကြိမ်သုံးကြိမ်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးထားသည့် ကြံမျိုး ၁၈ မျိုးကို စမ်းသပ်ချက် ရိတ်သိမ်းချိန်များ အလိုက်ရိတ်သိမ်းမည်ဖြစ်ရာ ရိတ်သိမ်းချိန်အလိုက် အချိုဓာတ်နှင့် သကြား ပါဝင်မှုရာခိုင်နှုန်း၊ ကြံ၏ အလေးချိန်နှင့် အထွက်နှုန်းတို့ကို စနစ်တကျမှတ်တမ်းများ ကောက်ယူလေ့လာသွားမည့်အပြင် အပင်ရောဂါ သုတေသနပညာရှင်များနှင့် ပူးပေါင်းကာ ကြံအူနီရောဂါများ ထိုးသွင်းစမ်းသပ်ထားလျက်ရှိသောကြောင့်၊ အူနီရောဂါဒဏ်ခံနိုင်ရည်ရှိသည့် ကြံမျိုးများလည်း ရရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနထံမှ သိရသည်။ 

ယခု စမ်းသပ်စိုက်ပျိုးထားသည့် ကြံမျိုး ၁၈ မျိုးအနက် လက်ရှိသုတေသန၏ ပဏာမတွေ့ရှိချက်များအရ ၁၁- ၁၂၅၃၉ နှင့် ၁၁- ၉၈၉၃ ကြံမျိုးများသည် အချိုဓာတ်နှင့် သကြားပါဝင်မှုမြင့်မား၍ ပင်ပွားထွက်ရှိမှုကောင်းကာ အထွက်နှုန်းကောင်း ကြောင်းတွေ့ရပြီး ၁၁- ၉၈၀၁ ကြံမျိုးသည် သက်တမ်းတိုခြင်း၊ အထွက်နှုန်းကောင်းခြင်း စသည့်လက္ခဏာများရှိသည့်အပြင် ကြံအူနီရောဂါဒဏ် ခံနိုင်ရည်ရှိသည့် မျိုးဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် ကြံစိုက်တောင်သူများအနေနှင့် အထွက်နှုန်းကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော ကြံသီးနှံမျိုးသန့်များနှင့် စိုက်ပျိုးနည်းပညာ များ ရယူလိုပါက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စက်မှုသီးနှံသုတေသနဌာနစုသို့ ဆက်သွယ်၍ အကူအညီများ ရယူနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထို့ပြင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေနှင့် စက်မှုသီးနှံများဖြစ်သည့် ကြံ၊ ဝါ၊ လျှော် (ဂုန်လျှော်၊ ချဉ်ပေါင် ၊ လျှော်)၊ ပီလောပီနံ စသည့်သုတေသနများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

S-07