News

POST TYPE

LATEST NEWS POST

ရုရှားတိုက်ခိုက်မှုဖြစ်စဉ်အပြီး ဆီးရီးယားသို့ အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထား
19-Sep-2020


ဒမတ်စကတ်၊ စက်တင်ဘာ ၁၉

ဆီးရီးယားနိုင်ငံအတွင်း ရုရှားနှင့်တိုက်ခိုက်မှုများ တိုးမြင့်လာကာ တင်းမာမှုပြင်းထန်လာသဖြင့် ဆီးရီးယား၌ အမေရိကန်တပ်ဖွဲ့များချထားမှုကို တိုးမြှင့်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

တိုက်ခိုက်ရေးယာဉ်ခြောက်စီး အပါအဝင် အမေရိကန်တပ်ဖွဲ့ဝင် ၁၀ဝ ခန့်ကို ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းသို့ ဖြန့်ကြက်၍ တပ်စွဲလိုက်ကြောင်း အမေရိကန်အရာရှိများက ပြောကြားသည်။

ယခုနှစ်အတွင်း အဆိုပါဒေသတစ်ဝိုက်၌ အမေရိကန်နှင့် ရုရှားတပ်ဖွဲ့များ ကင်းလှည့်မှုများတိုးမြှင့်ရာမှ ထိတွေ့မှုများ ပြင်းထန်လာခြင်းဖြစ်သည်။

"ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးအတွက် သေချာစေဖို့ပါ" ဟု အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားခြင်းနှင့်ပတ်သက်၍ အမေရိကန်ရေတပ်မှ ဗိုလ်ကြီးဘီလ်အာဘန်က ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုအနေ နှင့် ဆီးရီးယားနိုင်ငံအတွင်း အခြားနိုင်ငံတပ်ဖွဲ့များနှင့် ပဋိပက္ခများဖြစ်ပွားရန် ပြုလုပ်မည်မဟုတ်သော်လည်း လိုအပ်လျှင် မူညွန့်ပေါင်းတပ်ဖွဲ့များကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ၎င်းကပြောကြားသည်။

"အခုလုပ်ဆောင်ချက်တွေနဲ့ တပ်ဖွဲ့ဝင်အားဖြည့်မှုတွေဟာ ရုရှားကို အချက်ပေးလိုက်တာပါပဲ။ ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ ရုရှားအပါအဝင် တခြားအဖွဲ့တွေရဲ့ လူကြီးလူကောင်းမဆန်မှုတွေ၊ လုံခြုံမှုပျက်ပြားစေမယ့်ကိစ္စတွေ ရှောင်ကြဉ်ကြပါ" ဟု အမည်မဖော်သည့် အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။

အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့နှင့် ကာ့ဒ်တပ်ဖွဲ့များ အခြေစိုက်ရာ လုံခြုံရေးဧရိယာအတွင်းသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်မှုကိုတားဆီးရန် တပ်ဖွဲ့ဝင်များ တိုးမြှင့်ခြင်းနှင့်တိုက်ခိုက်ရေးယာဉ်များ ထပ်မံစေလွှတ်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များကတည်းက အဆိုပါဒေသတွင် အမေရိကန်နှင့်ရုရှားတပ်ဖွဲ့များအကြား ထိတွေ့မှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်များအတွင်းကမူ ဆီးရီးယားအရှေ့မြောက်ဒေသ၌ ရန်လိုမှုများ ပိုမိုမြှင့်တက်လာခဲ့သည်။

သြဂုတ်လကုန်ပိုင်းက ရုရှားစစ်သုံးယာဉ်များနှင့် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်အပေါ် အမေရိကန်နှင့် ရုရှားတို့က အပြန်အလှန်ပြစ်တင်မှုများလည်း ပြုလုပ်ခဲ့ကြသည်။ 

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဒေသတွင် ဂျီဟတ်ဝါဒီအိုင်အက်စ်တို့၏ ခြိမ်းခြောက်မှုရန်မှကာကွယ်ရန် အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀ဝ ခန့်ကို ဖြန့် ကြက်ချထားခြင်းဖြစ်သည်။

F-03