News

POST TYPE

LATEST NEWS POST

အမေရိကန်ပြည်ထောင်စုတွင် ဟာရီကိန်းဆာလီ ဝင်ရောက်တိုက်ခတ်၊ လျှပ်စစ်မီးများပြတ်တောက်
17-Sep-2020


နယူးယောက်၊ စက်တင်ဘာ ၁၇

ပြင်းထန်အားကောင်းသည့် ဟာရီကိန်းဆာလီသည် အမေရိကန်ပြည်ထောင်စု ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် မိုးသည်းထန်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်ပြည်သူ  ၅၅၀,ဝ၀ဝ ခန့် လျှပ်စစ်ပြတ်တောက်မှုဒဏ်ကို ခံစားနေရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ဗုဒ္ဓဟူးနေ့က တိုက်ခတ်ခဲ့သည့် အဆိုပါဟာရီကိန်းကြောင့် မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့ကာ အားအနည်းငယ်လျော့နည်းသွားသော်လည်း ဖလော်ရီဒါ နှင့် အလာဘားမားပြည်နယ်တို့ဘက်သို့ ဆက်လက်ရွေ့လျားခဲ့သည်။

ဟာရီကိန်း ဆာလီတိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ရေလွှမ်းမိုးဧရိယာများမှ ပြည်သူပေါင်းရာနှင့်ချီ၍ ကယ်ထုတ်ခဲ့ရသည်။ ထို့ပြင် ဖလော်ရီဒါ ပြည်နယ်၊ ပန်ဆာကိုလာမြို့တွင် မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည်။

“ဖလော်ရီဒါနဲ့ အလာဘားမားတောင်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်ပါတယ်”ဟု အမေရိကန်အမျိုးသား ဟာရီကိန်းစင်တာက ပြောကြားသည်။

မုန်တိုင်းကြောင့်ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ လေးနာရီအတွင်း လေးလစာ မိုးရေချိန်ခန့်ရှိခဲ့ကြောင်း ပန်ဆာကိုလာမြို့ မီးသတ်တပ်ဖွဲ့အကြီးအကဲ ဂျင်နီခရာနာ ကပြောဆိုသည်။

“တစ်ဦးသေဆုံးပြီး အလာဘားမားပြည်နယ်၊ အောရင့်ဂျ်ကမ်းခြေမြို့မှာလည်း နောက်တစ်ဦး ပျောက်ဆုံးနေပါတယ်” ဟု ယင်းမြို့တော်ဝန်က ထုတ်ဖော်ပြောကြားသည်။

အလာဘားမားပြည်နယ် ကမ်းခြေဒေသတွင် မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့ပြီး ဟာရီကိန်းဆာလီ၏ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၅ မိုင်နှုန်းအထိ ရှိခဲ့သည်။

မုန်တိုင်းကြောင့် ပန်ဆာကိုလာ မြို့လယ်တွင် ငါးပေခန့်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းမြို့၌ မုန်တိုင်းကြောင့်ထိခိုက်ခံရမှုမှာ တတိယမြောက် အဆိုးရွားဆုံးအခြေအနေလည်းဖြစ်သည်။

ရဲတပ်ဖွဲ့က မြို့နေပြည်သူလူထုများအနေနှင့် အိမ်အပြင်သို့ထွက်၍ အပျက်အစီးများကို လိုက်လံမကြည့်ရှုကြရန် တိုက်တွန်းထားသည်။

“ကျေးဇူးပြု၍ အိမ်ထဲမှာပဲနေကြပါ။ အိမ်ပြင်ထွက်ကြည့်တာက ကျွန်တော်တို့ရဲ့ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေးစေနိုင်ပါတယ်” ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဟာရီကိန်းဆာလီနှင့်ပတ်သက်၍ အလာဘားမား၊ ဖလော်ရီဒါနှင့် မစ္စစ္စပီ ပြည်နယ်တို့တွင် အရေးပေါ်အခြေအနေဟု အသီးသီးကြေညာထားကြသည်။

F-03