POST TYPE

LATEST NEWS POST

မူဆယ်ရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ဒုတိယသမ္မတ သွားရောက်တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများထံသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအပါအဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး အားပေးစကားပြောကြားကာ အကူအညီများလည်း ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က စစ်ဘေးရှောင်ပြည်သူများကို တွေ့ဆုံအားပေးရန် လွှတ်တော်ကိုယ်စား လာရောက်ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို စစ်ဘေးရှောင်ပြည်သူများအတွက် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ဆိုသည်။


ယင်းနောက် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် အိမ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မူဆယ်ခရိုင်ရဲတပ်ဖွဲ့ အောင်ဆန်းသူရိယအေးချိုခန်းမ၌ မူဆယ်မြို့နယ်၊ မုံးကိုး၊ ပန်ဆိုင်း နယ်မြေရဲစခန်း၊ နမ့်ပေါ်တံတား လုံခြုံရေးရဲကင်းနှင့် (၁၀၅) မိုင် နယ်စပ် ကုန်သွယ်ရေး လုံခြုံရေးတပ်ခွဲတို့မှ တိုက်ပွဲဝင်၊ ကျဆုံး၊ ဒဏ်ရာရတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံအားပေးကာ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သမ္မတရုံးသတင်းထုတ်ပြန်ချက်အရ သိရသည်။


J-09

ဓာတ်ပုံ - Myanmar President Office