News

POST TYPE

LATEST NEWS POST

ချွတ်ပြင်ရွာနှင့် မောင်နုရွာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် ယခုနှစ်မကုန်မီ စစ်ဆေးမည်ဟု တပ်မတော်ထုတ်ပြန်
16-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ယခုနှစ် (၂၀၂၀) မကုန်မီတွင် အမှုဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စတင်စစ်ဆေးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အဆိုပါ ချွတ်ပြင်ရွာနှင့် မောင်နုကျေးရွာတို့တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတကာ သတင်း မီဒီယာများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင်ခံစာတို့က ဖော်ပြခဲ့ကြသည်။

အဆိုပါ ချွတ်ပြင်နှင့် မောင်နုရွာ ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးရန်အတွက် ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ပြီးခဲ့သည့် ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုစုံစမ်းစစ်ဆေးမှု၏ ဆက်လက်ဆောင်ရွက်မှု အတိုင်းအတာနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်မကုန်မီတွင် အမှုဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စတင်စစ်ဆေးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာနှင့် နောက်ဆက်တွဲများ၊ အခြားသော သတင်းအချက်အလက်များ အပေါ်စစ်ဥပဒေချုပ်ရုံး၏ စိစစ်သုံးသပ်ခဲ့မှုအရ ၂၀၁၆-၂၀၁၇ ခုနှစ်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်နိုင် ဖွယ်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ ကျယ်ပြန့်သည့် အသွင်သဏ္ဌာန်များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ မောင်တောနယ်မြေရှိ ကျေးရွာများတွင် ဖြစ်ပွားခဲ့သည်ဟူသော စွပ်စွဲချက်များသည်လည်း လက်ရှိကျယ်ပြန့်စွာပြုလုပ်လျက်ရှိသည့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ မောင်တောဒေသတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

S-04