News

POST TYPE

LATEST NEWS POST

သမ္မတပတ်ဂွမ်ဟီးကို ပြစ်တင်စွပ်စွဲရန် တောင်ကိုရီးယား လွှတ်တော်အမတ်များ မဲခွဲဆုံးဖြတ်

ဆိုးလ်၊ ဒီဇင်ဘာ ၁ဝ

တောင်ကိုရီးယားတွင် သမ္မတ ပတ်ဂွမ်ဟီးအား အဂတိ လိုက်စားမှု  အရှုပ်အထွေးနှင့် ပတ်သက်၍ ပြစ်တင် စွပ်စွဲရန် လွှတ်တော် အမတ်များက ဆုံးဖြတ်လိုက်ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၂၃၄ မဲ- ၅၆ မဲဖြင့် အတည်ပြုလိုက်သော ဆုံးဖြတ်ချက်သည် ပတ်ဂွမ်ဟီး၏ အာဏာရ ဆောင်နူရီပါတီမှ အမတ်အချို့ ပါဝင် ထောက်ခံခဲ့ခြင်းကို ပြသနေသည်။

လောလောဆယ်တွင် ဝန်ကြီးချုပ် ဟွန်ကျိုအန်းက ယာယီ သမ္မတ ဖြစ်လာမည် ဖြစ်သည်။ 

ပြီးခဲ့သော သီတင်းပတ်များအတွင်း မြို့တော်လမ်းများပေါ်သို့ လူထောင်ပေါင်း များစွာ ထွက်လာကာ မစ္စစ်ပတ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှု အပြီးတွင် မစ္စပတ်က သူမ၏ ပေါ့ဆမှုကြောင့် တိုင်းပြည်တွင် အရှုပ်အထွေး ဖြစ်ခဲ့ရခြင်းကို တောင်းပန်ခဲ့သည်။

ပြဿနာ၏ အဓိက အရှုပ်အထွေးမှာ သမ္မတနှင့် ရင်းနှီးမှုကို အသုံးပြု၍ ကိုယ်ကျိုးရှာသူ ချွိုင်ဆွန်ဆီလ်နှင့် သမ္မတပတ်တို့ အကြားမှ ဆက်ဆံရေးပင် ဖြစ်သည်။ ချွိုင်ဆွန်ဆီလ်ကို အာဏာပိုင်များက ဖမ်းဆီးထားပြီး ခြိမ်းခြောက်မှု၊ အလွဲသုံးစားမှုတို့ဖြင့် တရားစွဲဆိုထားသည်။

၂ဝ၁၃ ခုနှစ်တွင် သမ္မတပတ် အာဏာ ရရှိလာပြီးနောက် ချွိုင်ဆွန်ဆီလ်  ၆ဝ နှစ်သည် သူမ ထောင်ထားသော ဖောင်ဒေးရှင်းများအတွက် သမ္မတ၏ အရှိန်အဝါကိုသုံး၍ ကော်ပိုရေးရှင်းများထံမှ အလှူခံကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟု ဆိုသည်။

အင်္ဂါနေ့က လွှတ်တော်တွင် အမတ်များက ကော်ပိုရေးရှင်း အကြီးအကဲများအား အခွင့်အရေး ရရန်အတွက် ရန်ပုံငွေ လှူဒါန်းခဲ့ခြင်း ရှိ၊ မရှိကို စုံစမ်း မေးမြန်းခဲ့ကြသည်။

သမ္မတပတ်သည် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များတွင် ချွိုင်ဆွန်ဆီလ်အား မဆီမဆိုင် ပါဝင် စွက်ဖက်ခွင့် ပြုခဲ့ခြင်းအတွက်လည်း အထူးတလည် တောင်းပန်မှုများ ပြုလုပ်ခဲ့ရသည်။

လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်သည် သမ္မတအား ရာထူးမှ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ရာ ၎င်းပြဿနာကို အခြေခံဥပဒေ ခုံရုံးက ရက်ပေါင်း ၁၈ဝ အတွင်း စစ်ဆေး ဆုံးဖြတ်ရမည်ဖြစ်သည်။

ခုံရုံးတရားသူကြီး ကိုးဦးအနက် ခြောက်ဦးက အတည်ပြု ဆုံးဖြတ်ပါက မစ္စပတ်သည် ရာထူးမှ နုတ်ထွက်ရသော ပထမဆုံး တောင်ကိုရီးယား သမ္မတ ဖြစ်လာမည်ဖြစ်ပြီး သမ္မတသစ် ရွေးကောက်ပွဲကို ရက်ပေါင်း ၆ဝ အတွင်း ကျင်းပရမည် ဖြစ်သည်။

၂ဝဝ၄ ခုနှစ်ကလည်း သမ္မတရိုမူဟွန်းကို လွှတ်တော်က ပြစ်တင် စွပ်စွဲကာ ရာထူးမှ  နှစ်လ ဆိုင်းငံ့ခဲ့သော်လည်း ခုံရုံးက အပြစ် မရှိဟု ဆုံးဖြတ်ကာ ရာထူး ပြန်လည် အပ်နှင်းခဲ့သည်။

ယခု ယာယီ သမ္မတအဖြစ် ဆောင်ရွက်မည့် ဟွန်ကျိုအန်း ၅၉ နှစ်သည် ယခင်က အမှုလိုက် အရာရှိ တစ်ဦးဖြစ်၍  ၂ဝ၁၅ ဇွန်လက ဝန်ကြီးချုပ်ရာထူး မရမီ တရားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်က YPP ပါတီကို  မြောက်ကိုရီးယား အယူအဆ စွဲကိုင်သည်ဟု သတ်မှတ်ကာ ပိတ်ပင် ဖျက်သိမ်းခဲ့သောကြောင့် လူ့အခွင့်အရေး အုပ်စုများ၏ ပြစ်တင် ဝေဖန်မှုကို ခံခဲ့ရသူဖြစ်သည်။  

F-04