News

POST TYPE

LATEST NEWS POST

ဧရာဝတီမြစ်ကူး ရတနာပုံတံတားပေါ်မှခုန်ချခဲ့သူ အမျိုးသားကို သုံးရက်မြောက်နေ့တွင် သေဆုံးလျက်ပြန်တွေ့
14-Aug-2020
ဓာတ်ပုံ-အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)

မန္တလေး၊ သြဂုတ် ၁၃

စစ်ကိုင်းမြို့နှင့်မန္တလေးမြို့ကိုဆက်သွယ်ပေးထားသည့် ဧရာဝတီမြစ်ကူးရတနာပုံတံတားပေါ်မှ ခုန်ချခဲ့သူအမျိုးသားကို သုံးရက်မြောက်နေ့ (သြဂုတ်၁၃)တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) ထံမှ သိရသည်။ 

ခုန်ချခဲ့သူမှာ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ကခုန်ချခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ တကောင်းရပ်တွင်နေထိုင်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းကို ရတနာပုံတံတားအောက်ဘက် ရေမိုင်တစ်မိုင်ခန့်အကွာတွင် ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောကြားသည်။

"သက်မဲ့ခန္ဓာကိုယ်ကို စစ်ကိုင်းဧမြဝတီဆိပ်အနီးမှာ တွေ့ရှိခဲ့ပါတယ်။ ဒီနေ့(သြဂုတ်၁၃)မနက် ၆ နာရီလောက်က ပြန်တွေ့တာပါ။ အိုးဘိုလူမှုကူညီရေး ယာဉ်နဲ့စစ်ကိုင်းက ခုတင်၂၀ဝ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်"ဟု ၎င်းက ရှင်းပြသည်။ 

ယင်းအမျိုးသား ခုန်ချခဲ့သည်ကို တံတားအောက်ဘက်ရှိ လူအချို့က မြင်တွေ့ခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)တို့ ဧရာဝတီမြစ်အတွင်း ရှာဖွေခဲ့ရာမှ သုံးရက်မြောက်နေ့တွင် သက်မဲ့ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း အင်းဝမြို့ဟောင်းတွင် နေထိုင်သော အသက် ၁၉ နှစ်အရွယ် အမြွှာညီအစ်မနှစ်ဦး စစ်ကိုင်းတံတားဟောင်းပေါ်မှ ခုန်ချကာ သေဆုံးခဲ့သေးသည်။ 

၂၀၁၉ အတွင်း ဧရာဝတီတံတား (ရတနာပုံ)နှင့် အင်းဝတံတားပေါ်မှ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချသတ်သေမှုဖြစ်စဉ် ခုနစ်ကြိမ်အထိ ဖြစ်ပွားခဲ့သည်။ 

ရတီ