News

POST TYPE

LATEST NEWS POST

ညီလာခံတွင် ချုပ်ဆိုမည့် သဘောတူညီချက် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းမည့်လမ်းကြောင်းဖြစ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
14-Aug-2020


ရန်ကုန်၊ သြဂုတ်  ၁၃

လက်ရှိကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံညီလာခံတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်များသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းမည့် လမ်းကြောင်းဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းကယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာချုပ်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အကျပ်အတည်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်ဖြေရှင်းနိုင်မည့် လမ်းကြောင်းတစ်ခုအဖြစ် ထင်ထင်ရှားရှား ဖော်ပြလာနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။



အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) သည် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမည့် လမ်းကြောင်းဖြစ်ပြီး ပြီးပြည့်စုံသည့်စာချုပ် မဟုတ်သေးဘဲ ၂၀၂၀ ပြည့်နှစ်အလွန်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရမည့် အဆင့်များ ကျန်ရှိနေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

အဆင့်လိုက်သွားမည့် လုပ်ငန်းစဉ်များတွင် ပြည်နယ်များအနေနှင့် မည်သည့်အချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲရန်၊ ပြည်ထောင်စုနှင့် ပြည်နယ်အာဏာခွဲဝေမှုများကို မည်သည့်ပုံစံဖြင့် ဆောင်ရန်ကိစ္စရပ်များကို ဆက်လက်၍ အသေးစိတ် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

"ဘာပဲဖြစ်ဖြစ် ဒီကနေ့ အစည်းအဝေးမှာ အလုပ်အဖွဲ့က တင်ပြလာတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ရဲ့ မူကြမ်းဟာ လွယ်လင့်တကူရရှိလာခဲ့တာတော့ မဟုတ်ပါဘူး။

၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁- ရာစုပင်လုံ တတိယ အစည်းအဝေးပြီးတဲ့နောက်ပိုင်း အားလုံးသိတဲ့အတိုင်း ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အနိမ့်အမြင့် အတက်အကျများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်" ဟုဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးကို လာမည့် သြဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

S-04