News

POST TYPE

LATEST NEWS POST

ချင်းတွင်းမြစ်ရေ ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်
13-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၃

ချင်းတွင်းမြစ်ရေတက်နေသောကြောင့်ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့ နောက် ၃ရက် (သြဂုတ် ၁၆) အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၃ ရက် ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၃ ရက် ညနေပိုင်းမြစ်ရေအခြအနေတိုင်းတာချက်အရ ဟုမ္မလင်းမြို့သည် စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်နှင့် ဖောင်းပြင်မြို့သည် စိုးရိမ်ရေမှတ်အောက် ၃ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေများသည် နောက် ၃ ရက်အတွင်း ယင်းမြို့များ၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင် ကြောင်း ထုတ်ပြန်ထားသည်။

“လောလောဆယ်တော့တက်နေသေးတယ်။ မိုးကလည်းဆက်ရွာနေသေးတယ်။ ဆက်တက်နေအုံးမယ့်အနေ အထားမှာရှိနေတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကျော်မိုးဦးကပြောကြားသည်။

မြစ်ရေတက်ချိန်တွင် ယင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေ ထိုင်ရန်နှင့် မြစ်ရေတက်ပြီးချိန်တွင် သောက်သုံးရေရှားပါးခြင်း၊ ပိုးမွှားအန္တရာယ်များ၊ ဝမ်းလျှောဝမ်းပျက်ရောဂါများ စသည်တို့ကိုသတိပြုရန်လိုပြီး သဘာဝဘေးကာကွယ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း ၎င်းကသတိပေးပြောကြားသည်။

ထို့အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းနေပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်း များကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀အထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၂ ပေခန့်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (သြဂုတ် ၁၄) ခန့်မှန်းချက်အရ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးအသင့် အတင့်ထစ်ချုန်းရွာမည်ဖြစ်၍ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျားမိုးရွာမည်ဖြစ်ပြီး ယင်းမြို့များတွင် ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

နောက် ၂ ရက် (သြဂုတ် ၁၅) အထိခန့်မှန်းချက်အရ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်သည်။

J-02