News

POST TYPE

LATEST NEWS POST

တပ်မတော် စစ်ရေယာဉ်များကို AA အဖွဲ့ ပစ်ခတ်တိုက်ခိုက်
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များကို AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များကို သြဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့ ထီးဆွဲကျေးရွာနှင့် မင်းကျွန်းအနီးတို့၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာ အနီးမှ မေယုမြစ်အတိုင်း ထွက်ခွာလာစဉ် ထီးဆွဲကျေးရွာအနီးနှင့် မင်းကျွန်း အနီးတွင် AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်း တပ်မတော်ထုတ်ပြန်ချက်ကဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် မင်းကျွန်းအနီး AA လက်နက်ကိုင်အဖွဲ့ မောင်းနှင်ထွက်ပြေးသွားသော စက်လှေတစ်စီး မီးလောင်နစ်မြုပ်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဖော်ပြထားသည်။

S-04