News

POST TYPE

LATEST NEWS POST

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမိုးရွာမည်
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၁

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ သြဂုတ် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ဖြစ်ပေါ်နိုင်မည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးရရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး နောက် ၂ရက် (သြဂုတ်လ ၁၃ရက်)အထိခန့်မှန်းချက်များအရ မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းမည်ဖြစ်သည်။

“လေဖိအားနည်းရပ်ဝန်းကြောင့် တိုက်ရိုက်သက်ရောက်မှုတော့မရှိပါဘူး။ မုတ်သုံလေတော့အားကောင်းလာနိုင်တယ်။ ကမ်းရိုးတန်းဒေသတွေမှာမိုးပိုလာနိုင်တယ် အလယ်ပိုင်းအနေနဲ့လည်းမိုးရလာနိုင်တယ်” ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်။မြေပြင်လေသည် တစ်နာရီလျှင်မိုင် ၃၀ မှ ၃၅ မိုင်အထိတိုက်ခတ်နိုင်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်မှာ ၆ ပေမှ ၉ ပေအထိရှိနိုင်သည်။

ယနေ့(သြဂုတ်လ ၁၂)နံနက်ခန့်မှန်းချက်အရ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာ နိုင်ပြီး ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်၍ ရွာရန်ရာနှုန်းပြည့်များဖြစ်ကာ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ၈၀ရာခိုင်နှုန်းရှိ သည်။

အလားတူ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်း(မြောက်)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မကွေးတိုင်းတွင် နေရာကျဲကျဲ၊ ကျန်တိုင်းနှင့်ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင် ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

J-02