News

POST TYPE

LATEST NEWS POST

HIV ပိုး ကြိုတင်ကာကွယ်ရန် PrEP ဆေးရနိုင်သည့် ဆေးခန်းများ ရန်ကုန်တွင် စဖွင့်
11-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၀

HIV ပိုးကူးစက်မှုအသစ်များကို တားဆီးကာကွယ်နိုင်ရန် ရောဂါမကူးစက်မီ ကြိုတင်သောက်သုံးနိုင်သော ဆေးရရှိနိုင်သည့် ဆေးခန်းများကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း USAID မြန်မာက ထုတ်ပြန် သည်။

ယင်းဆေးခန်းများသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး PrEP အစီ အစဉ်ကို စတင်သည့် ဆေးခန်းများဖြစ်ပြီး လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ (တိုးချဲ့ဆောင်) တွင် ဖွင့်လှစ်ထားသော NAP (လသာ) ဆေးခန်းနှင့် တာမွေမြို့နယ်တွင်ရှိသော TOP Center Myanmar ဆေးခန်းတို့ကို ဖွင့်လှစ်ထားပြီးဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းသည် အမျိုးသားချင်း လိင်ဆက်ဆံသူများ နှင့် အမျိုးသမီးလိင်လုပ်သား HIV ပိုး ကူးစက်ခံရမှု အန္တရာယ်ရှိသူများအတွက် “HIV ပိုးတားဆီးကာကွယ်ရေး ပေါင်းစပ်နည်းလမ်းများ” ၏ အစိတ်အပိုင်းတစ်ခု အဖြစ် PrEP သောက်ဆေးကို ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ထောက်ခံပေးခဲ့သည်။

PrEP ဆေးသည် HIV ပိုး တားဆီးကာကွယ်ရေး နည်းလမ်း တစ်ခုဖြစ်ကာ ခန္ဓာကိုယ်တစ်လျှောက်လုံး HIV ပိုးပျံ့နှံ့ခြင်းကို ရပ်တန့်စေမည်ဖြစ်ပြီး HIV ပိုး မရှိသူတစ်ယောက်အနေနှင့် ယင်းဆေးဝါးကို နေ့စဉ်သောက်သုံးပါက လိင်ဆက်ဆံမှုမှတစ်ဆင့် သို့မဟုတ် မူးယစ်ဆေးထိုးသွင်းအသုံးပြုမှုမှတစ်ဆင့် HIV ပိုး ကူးစက်မခံရစေရန် ထိထိရောက်ရောက် တားဆီးကာကွယ်ပေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

PrEP ဆေးဝါးသည် လိင်ဆက်ဆံမှု မှတစ်ဆင့် HIV ပိုးကူးစက်ခံရမှု အန္တရာယ်များကို ခန့်မှန်းခြေ ၉၉ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး မူးယစ်ဆေးထိုးသွင်းမှုမှ တစ်ဆင့် HIV ပိုးကူးစက်ခံရမှုအန္တရာယ်ကို အနည်းဆုံး ၇၄ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်သည်။

TOP Center ဆေးခန်းသည် USAID ၏ HIV/AIDS စီမံကိန်း မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Population Services International အဖွဲ့အစည်းက ကူညီထောက်ပံ့ထားသည် ဆေးခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် PrEP ဆေးကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အသုံးပြုမည့် ဆေးခန်းလာပြသူများကို လက်ခံစာရင်းသွင်းထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

S-09