News

POST TYPE

LATEST NEWS POST

အကျဉ်းထောင်အသီးသီးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၁၀၈ ဦးရှိ
09-Aug-2020
မန္တလေး၊ သြဂုတ် ၉

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို သြဂုတ်လ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှနေ၍ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် အကျဉ်းသားနှင့်အချုပ်ကျတရားခံ ၁၇၈ ဦးအနက် ၁၀၈ ဦးအောင်မြင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ်က အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၉၇ ရှိခဲ့ပြီး ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲရင့်နိုင်က ပြောကြားသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင် ၁၁ ခုမှ အကျဉ်းသား ၁၆၂ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်သားနှစ်ဦး၊ အချုပ်သူတစ်ဦး စုစုပေါင်း ၁၇၈ ဦး ဖြေဆိုခဲ့ခြင်းဖြစ်ပြီး ၆၀ ဒသမ ၆၇ ရာခိုင်နှုန်းအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအောင်မြင်သူများတွင် လေးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၈ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၃၈ ဦး၊ရိုးရိုးအောင်မြင်သူ ၃၈ ဦးရှိပြီး အကျဉ်းသား ၁၀၀ ဦး၊ အကျဉ်းသူရှစ်ဦး စုစုပေါင်း ၁၀၈ ဦး အောင်မြင်ခဲ့သည်။

မန္တလေး (အိုးဘို) အကျဉ်းထောင်မှ အကျဉ်းသား ၆၀ ဦး၊ အကျဉ်းသူကိုးဦးအောင်မြင်ခဲ့ရာ ယင်းတို့အနက်သုံးဘာသာဂုဏ်ထူး ရှင်ရှစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၂၂ ဦး၊ တစ်ဘာသာဂုစ်ထူးရှင် ၁၄ ဦးရှိခဲ့ပြီး အောင်ချက်မှာ ၆၉ဒသမ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း ယင်းအကျဉ်းထောင်ထံမှ သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၉၁၀,၂၂၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၉၁,၇၉၈ ဦးအောင်မြင်ခဲ့၍ အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ဝ၆ ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

S-02