News

POST TYPE

LATEST NEWS POST

ယခင်နှစ်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ဘီလီယံကျော် ပိုမိုဝင်ရောက်
09-Aug-2020
ရန်ကုန်၊ သြဂုတ် ၉

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် ယခုဘဏ္ဍာနှစ် ၁၀ လတာအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ဝင်ရောက်ထားပြီး ယခင်နှစ်ကာလတူပမာဏထက် တစ်ဘီလီယံကျော် ပိုမိုဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း ၂၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄,၉၇၇ ဒသမ ၈၂၂ သန်း ရရှိထားပြီး ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း ၂၂၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃,၅၂၆ ဒသမ ၂၁၅ သန်း ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုစာရင်းများအရ သိရသည်။

“ကာလတူနှိုင်းယှဉ်ချက်ကတော့ မနှစ်က ဇူလိုင်လ ၃၁ ရက်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၂ ဘီလီယံပဲရတယ်။ အခု ၄ ဒသမ ၉၇ ဘီလီယံ ရပြီးပါပြီ။ ဒါဟာ ပြီးခဲ့တဲ့နှစ်မှာ ကြိုးစားလာတာတွေက ဒီနှစ်မှာဖြစ်လာတယ်။ နောက်တစ်ခုက လျှပ်စစ်ကဏ္ဍက ဒီနှစ်ထဲမှာ တအားဝင်လာတယ်။ ၁ ဒသမ ၆ ဘီလီယံ လောက်ဝင်လာတယ်။ လျှပ်စစ်ကဏ္ဍရဲ့ အရှိန်အဟုန်ကြောင့်လည်း ပါတယ်။ အရင်ကထက်ပိုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုရှိလာအောင် ဆွဲဆောင်နိုင်တယ်လို့ သုံးသပ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများအနေနှင့် ပြီးခဲ့သည့်နှစ် ကာလတူထက် လုပ်ငန်းငါးခု လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ များလာခြင်းမှာ လျှပ်စစ်ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့ပြင် COVID-19 ကြောင့်လည်း MIC သို့ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျော့ကျသွားခြင်းမရှိဘဲ တင်ပြလာသည့် လုပ်ငန်းများထဲမှ အထည်ချုပ်လုပ်ငန်းများ၊ CMP စနစ်ဖြင့် လက်ခစားလုပ်ငန်းများပါဝင်ပြီး တင်ပြလာသည့် လုပ်ငန်းများထဲတွင် စက်မှုလက်မှုလုပ်ငန်းများနှင့် လုပ်သားအခြေပြုလုပ်ငန်းများကို ဦးစားပေးခွင့်ပြုပေးလျက်ရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။

S-07