News

POST TYPE

LATEST NEWS POST

ပန်းတနော်မြို့ရှိ CB ဘဏ်ကို သေနတ်သမားတစ်ဦး အနုကြမ်းဝင်စီး
07-Aug-2020


ပုသိမ်၊ သြဂုတ်လ ၇ 

ဧရာဝတီတိုင်း ပန်းတနော်မြို့လယ် သီဟလမ်းနှင့်အနော်ရထာလမ်းထောင့်ရှိ CB ဘဏ်ကို သေနတ်သမားတစ်ဦးက သြဂုတ်လ ၇ ရက်နေ့ နံနက်၁၀ နာရီခွဲအချိန်တွင် အနုကြမ်းစီးကာ ခြိမ်းခြောက်ငွေလုယူမှုဖြစ်ပွားခဲ့​သည်။

 မိုးကာအင်္ကျီအဖြူ လက်အိတ်အမဲ ဝတ်ဆင်ထားပြီး နှာခေါင်းစည်း(Mask) တပ်ဆင်လာသူ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ပစ္စတိုသေနတ်ကိုင်ကာရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းများအားခြိမ်းခြောက်ကာ ငွေတောင်းခံခဲ့သည်ကို ယင်းဘဏ်မှဝန်ထမ်းက ရဲတပ်ဖွဲ့သို့ သတင်းပို့တိုင်ကြားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက The Voice Daily သို့ ပြောဆိုသည်။



"ဘဏ်ကငွေ သိန်း၁၂၀ ကို သေနတ်ပြလုယက် သွားတယ်လို့ဆိုတယ်။ကျူးလွန်သူကို ခုထိမမိ သေးဘူး။ဖမ်းမိရေးအတွက် အားချင်း စစ်ဆေး ဆောင်ရွက်နေပါတယ် "ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ရဲတပ်ဖွဲ့နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဘဏ်၏ CCTV မှတ်တမ်းများကို စစ်ဆေး​ခြင်း၊ မျက်မြင်သက်သေများထံမှ သတင်းအချက်အလက်များစုစည်းကာ ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ R.04
ဓာတ်ပုံ CCTV