News

POST TYPE

LATEST NEWS POST

စည်းကြပ်မှုမှကင်းလွတ်နေသည့် ဝင်ငွေခွန်ကို လျှော့ချသတ်မှတ်ရန် ပြင်ဆင်
06-Aug-2020
နေပြည်တော်၊ သြဂုတ် ၆

စည်းကြပ်မှုမှကင်းလွတ်နေသည့် ဝင်ငွေအပေါ်တွင် ၃၀ ရာခိုင်နှုန်းအစား အလွှာအလိုက် အခွန်နှုန်းထားများ လျှော့ချကောက်ခံရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။

သြဂုတ်လ ၅ ရက်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အကောက်အခွန်ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က အစီရင်ခံစာ တင်သွင်းရာတွင် အထက်ပါအချက်ကို ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေဆိုသည်မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့မတိုင်မီက စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေကို ဆိုလိုကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ယခင်နှစ်က အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ဝင်ငွေအပေါ် သက်သာခွင့်ပေးခဲ့သော်လည်း လက်ရှိတွင် Covid-19 ကြောင့် စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့နေရခြင်းကြောင့်လည်းကောင်း၊ ဝင်ငွေခွန်ဥပဒေကြမ်းကို ပြီးခဲ့သည့်လ(ဇူလိုင်လ ၇ ရက်) မှစ၍ အတည်ပြုရန်ဆောင်ရွက်ဆဲ ဖြစ်နေသောကြောင့်လည်းကောင်း အထက်ပါအတိုင်း အခွန်လျှော့ချကောက်ခံရန်လိုအပ်ကြောင်း ကော်မတီ၏ တင်ပြချက်တွင် တွေ့ရသည်။

ကော်မတီ၏ တင်ပြချက်ဇယားတွင် ဝင်ငွေ ၁ ကျပ်မှ သိန်း ၁,ဝ၀၀ ကျပ်အထိကို ၆ ရာခိုင်နှုန်း၊ သိန်း ၁,ဝ၀၀ မှ သိန်း ၃,ဝ၀၀ ကျပ်အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၃,ဝ၀၁ ကျပ်မှ သိန်း ၃၀,ဝ၀၀ ကျပ်အထိကို ၂၀ ရာခိုင်နှုန်းနှင့် သိန်း ၃၀,ဝ၀၁ ကျပ်မှအထက်ဝင်ငွေကို ၃၀ ရာခိုင်နှုန်း စည်းကြပ်သင့်ကြောင်း တင်ပြထားသည်။

“ဒါမှ အသေးစား၊ အလတ်စားနဲ့ မိုက်ခရိုစီးပွားရေးလုပ်ငန်းတွေ Covid-19 ရောဂါရဲ့သက်ရောက်မှုကို ကုစားပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူအများစု(လူလတ်တန်းစားနဲ့ အခြေခံလူတန်းစား)တွေအတွက်လည်း သက်သာခွင့်တွေကို ရရှိနိုင်စေဖို့ အခွန်ရာခိုင်နှုန်းတွေကို ပြင်ဆင်သတ်မှတ်သင့်ကြောင်း တင်ပြလိုတာဖြစ်ပါတယ်” ဟု ပြည်သူ့ငွေစာရင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက လွှတ်တော်သို့တင်ပြခဲ့သည်။

ယင်းကိစ္စကို ဆွေးနွေးခြင်း၊ ပြင်ဆင်ချက်တင်သွင်းခြင်းနှင့် မူနှင့် အခြေခံသဘော ဆွေးနွေးလိုခြင်းများရှိပါက ကဏ္ဍအလိုက် တိတိကျကျဖော်ပြ၍ လွှတ်တော်ရုံးသို့တင်ပြကာ အမည်စာရင်းပေးရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

S-01