News

POST TYPE

LATEST NEWS POST

ပင်လယ်မြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးပါက ဥပဒေအရအရေးယူမည်
06-Aug-2020


မန္တလေး၊ သြဂုတ် ၅

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပင်လယ်မြို့ဟောင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ယဉ်ကျေးမှုဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။

ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော်တွင် မြစ်သားမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၏ မေးခွန်းကိုဖြေကြားရာ၌ ဝန်ကြီးဦးမြတ်သူက ထည့်သွင်းဖြေကြားခြင်း ဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တင်ပြတဲ့ ပါဝါပွိုင့်မှာ ယဉ်ကျေးမှုနယ်မြေမှာ MZ-လို့ ရှေးဟောင်းယဉ်ကျေးမှုတွေရှိပါတယ်လို့  သတ်မှတ်ထားတဲ့ အမှတ်အသားတွေကိုဖျက်ဆီးရင်၊ တိတိကျကျပြောရရင် ထောင်ချလို့ရပါတယ်”ဟု ၎င်းကရှင်းပြသည်။

မိုင်းမောပင်လယ်မြို့ဟောင်းအပါအဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန်  ကျောက်ဆည်ခရိုင်ဒေသဆိုင်ရာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးကော်မတီကို ကော်မတီဝင် ခုနစ်ဦးဖြင့် ၂၀၂၀ ပြည့်နှစ်  ဇွန်လက ဖွဲ့စည်းခဲ့သည်။

မိုင်းမောပင်လယ်မြို့ဟောင်းတွင် တူးဖော်ရန် ကျန်ရှိသော ကုန်း ၃၀ ခန့်ရှိသေးသည်ဟုသိရပြီး ယင်းကုန်းများကို  ဆက်လက် တူးဖော်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တူးဖော်ပြီး ရှေးဟောင်းနေရာများကို ရေရှည်ထိန်းသိမ်းရန် လိုအပ်သည့်အတွက် မေးမြန်းရခြင်းဖြစ်ကြောင်း မြစ်သားမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းက ပြောကြားသည်။

မိုင်းမောပင်လယ် မြို့ဟောင်းကို ရှေးဟောင်းနယ်မြေအဖြစ် သတ်မှတ်ထားရှိပြီး ရှေးဟောင်းအဆောက်အအုံနေရာများအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို မြစ်သားမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းက သြဂုတ်လ ၅ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မိုင်းမောပင်လယ်မြို့ဟောင်းကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က စတင်ကာ ကုန်း ၂၁ ကုန်းကိုတူးဖော်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ 

S-02