News

POST TYPE

LATEST NEWS POST

တော်ဝိ-ပိန်းဇလုပ်ကြား ရထားလမ်းရေကျော်နေဖြင့် ရန်ကုန်-မန္တလေးရထားယာယီရပ်နား
05-Aug-2020
ဓာတ်ပုံ-မြန်မာ့မီးရထား

တောင်ငူ၊ သြဂုတ် ၅

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၉၈/၅ ဖာလုံအနီးရှိ မြန်မာ့မီးရထားပိုင် တံတားအမှတ် ၁၃၆ တွင် ရထားလမ်းရေတိုက်စားခံရသည့်အတွက် သြဂုတ် ၄ ရက်နေ့ နံနက် ၈ နာရီကျော်ကစ၍ အစုန်အဆန်ရထားများ ပြေးဆွဲမှု ရပ်နားခဲ့ရသည်ဟု မြန်မာ့မီးရထားလုပ်ငန်းတိုင်း ၇ မန်နေဂျာ(စီမံကိန်း)ဦးကျော်မျိုးလွင်က ပြောကြားသည်။

“မနေ့က ရန်ကုန်ဘက်ကအထွက်ကိုမလုပ်တော့တာ။မန္တလေးဘက်ကလဲ မြစ်ငယ်ဘက်က ပြန်လှည့်လိုက်ရတယ်။ လတ်တလောမှာ ကျောက်ချပြင်ဆင်နေတာမျိုးတွေ အပူတပြင်းလုပ်နေပေမယ့် ကနေ့(သြဂုတ်၅) မှာလည်း ထွက်ဖို့မသေချာဘူး”ဟု ၎င်းကဆက်လက် ပြောဆိုသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်နှင့်တော်ဝိဘူတာအကြား ရထားလမ်းရေတိုက်စားခံရပြီး ပျက်စီးနေသည့်နေရာသို့ မြန်မာ့မီးရထားရုံးချုပ်မှတာဝန်ရှိသူများနှင့် အမှတ်(၆)တိုင်းမှတာဝန်ရှိသူများ စစ်ဆေးခဲ့သော်လည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့် ရန်ကုန်-မန္တလေး အမှတ်-၅ အဆန်အမြန်ရထားနှင့် အမှတ်-၃အဆန် အမြန်ရထားတို့ကို ယာယီဖျက်သိမ်းထားသည်ဟု မြန်မာ့မီးရထားလုပ်ငန်းက ထုတ်ပြန်ထားသည်။

“ရထားမထွက်ဖြစ်တဲ့အခါ လက်မှတ်ဖိုးပြန်ထုတ်ပေးနေတယ်။ ဒီနေ့(သြဂုတ်၅) မှာလည်း လက်မှတ်တွေမရောင်းသေးဘူး။ သွားလို့ရမရက ညနေလောက်မှသိနိုင်မှာ”ဟု တောင်ငူဘူတာရုံပိုင်ကြီး ဦးကျော်မိုးလွင် က ပြောဆိုသည်။

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့၊ပေါ်ရပ်ကွက်အချို့တွင် သြဂုတ်လ ၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အိမ်ထောင်စု ၈၀ဝ ကျော်နှင့် လူဦးရေ ၄၅၀ဝ ကျော်ကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရသည်ဟု ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က ပြောကြားသည်။

ပဲခူးတိုင်းအရှေ့ခြမ်းရှိမြို့နယ်အချို့တွင် သြဂုတ်လ ၃ ရက်နေ့ နံနက်ကစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းနှင့်ကားလမ်းအချို့ရေကျော်ခဲ့သည့်အတွက်  ခရီးသည်တင်ယာဉ်နှင့်အိမ်စီးယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့ရသည့် အပြင် ရထားခရီးစဉ်အချို့ကိုလည်း ရုတ်သိမ်းထားရသည်။ 

R-02