News

POST TYPE

LATEST NEWS POST

ပုသိမ် - ဟင်္သာတ - ကြံခင်း အမြန်ရထား ပြန်လည်ပြေးဆွဲ
04-Aug-2020


ပုသိမ်၊ သြဂုတ် ၃

ဧရာဝတီတိုင်းအတွင်း မြန်မာ့မီးရထားလုပ်ငန်းတိုင်းအမှတ် ၉ နယ်မြေရှိ ပုသိမ် -ဟင်္သာတ-ကြံခင်းလမ်းပိုင်း၌ အမှတ် ၁၈၁အဆန်နှင့် အမှတ် ၁၈၂ အစုန်အမြန်ရထားများကို သြဂုတ်လ ၁ ရက်နေ့ကစ၍ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း တိုင်းအမှတ် ၉ နယ်မြေ တာဝန်ရှိသူများထံက သိရသည်။

တိုင်းအမှတ် ၉ နယ်မြေအတွင်း ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် အမြန်ရထား ပြေးဆွဲခြင်းကို ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ထိန်းချုပ်ကွပ်ကဲလျက် ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်သည်။

“ဇူလိုင်၂၁ ရက်နေ့ကစပြီး အခြေခံပညာအထက်တန်းကျောင်းတွေ ပြန်ဖွင့်လိုက်တော့ ခရီးသွားတဲ့သူ များလာတာကြောင့် သွားလာရေးအဆင်ပြေစေဖို့ ရပ်နားထားတဲ့အမြန်ရထားလိုင်းကို ပြန်ဖွင့်ပေးရတာ”ဟု ကြံခင်းဘူတာရုံမှ ရုံပိုင်ကြီးဦးမောင်မောင်ဦးက ပြောကြားသည်။

အဆိုပါအမြန်ရထားတွင် အထက်တန်းသုံးတွဲ၊ ရိုးရိုးတန်း ခြောက်တွဲ၊ ဘရိတ်တစ်တွဲဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးသွားပြည်သူများ နေရာခြားထိုင်နိုင်ရန် ခရီးသည်တစ်ဦးလျှင် လက်မှတ်တစ်စောင်စီသာ ရောင်းချပေးသော်လည်း ထိုင်ခုံနှစ်လုံးတွင် လူတစ်ဦးသာထိုင်ရန် သတ်မှတ်ကြောင်း၊ နှာခေါင်းစည်း Mask တပ်ဆင်သူများကိုသာ လက်မှတ်ရောင်းချပေးပြီး သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အမြန်ရထား ပြန်လည်ပြေးဆွဲပါက ပုသိမ်-ဟင်္သာ- ကြံခင်း ရထားလမ်းတစ်လျှောက်ရှိကျေးရွာများမှ ထွက်သည့် ရေချို ငါး၊ ပုစွန်နှင့် ကုန်စိမ်းသီးနှံ၊ ဘုရားပန်းများကို ပုသိမ်မြို့ရှိ ဈေးများသို့ တင်ပို့ရောင်းချရန် ပို၍အဆင်ပြေကြောင်း အဆိုပါရထားဖြင့် ကုန်စည်တင်ပို့ရောင်းချနေသူများက ပြောဆိုကြသည်။

"ကြံခင်းကနေ မနက်ရထားနဲ့လာရင် ည ၈ နာရီလောက် ပုသိမ်ရောက်တယ်။ ဘူတာက ညဈေးမှာပါလာတဲ့ကုန်ကို ညတွင်းချင်း လက်လီလက်ကားရောင်းပြီးတာနဲ့ နောက်နေ့မနက်ရထားနဲ့ပြန်လို့ရတယ်။ အနှေးစာပို့ရထားက ဟင်္သာတမှာ ညအိပ်တော့ ပိုကြာတယ်"ဟု ကုန်စိမ်းရောင်းဝယ်ရေးဒိုင်လုပ်ကိုင်သူ ဦးသောင်းမြင့် ကပြောကြားသည်။ 

တိုင်းအမှတ်-၉ နယ်မြေအတွင်းရှိ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၌ အမှတ် ၁၈၁ အဆန်နှင့် အမှတ် ၁၈၂ အစုန် အမြန်ရထား ပြေးဆွဲခြင်းကို ဧပြီလဆန်းပိုင်းကစ၍ ရပ်နားထားခဲ့ရာမှ ယခုပြန်လည် ပြေးဆွဲခြင်းဖြစ်သည်။  

ပုံမှန်ပြေးဆွဲလျက်ရှိသော အမှတ် ၁၈၅ အဆန်နှင့် အမှတ် ၁၈၆ အစုန် စာပို့ရထားကိုလည်း ဆက်လက်ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းတိုင်းအမှတ် ၉ နယ်မြေရုံးထံမှ သိရသည်။ 

R-04