News

POST TYPE

LATEST NEWS POST

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည့်အချက်များ ဆွေးနွေးဆုံးဖြတ်
03-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည့် အချက်များကို မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်များ၏ ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

အစည်းအဝေး ဆုံးဖြတ်ချက်များမှာ ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် ပုံမှန်ကျင်းပရန်နှင့် အလုပ်အမှုဆောင် အစည်းအဝေးကို သုံးလလျှင်တစ်ကြိမ် ပုံမှန်ကျင်းပရန်၊ စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် အလိုက် ဆောင်ရွက်ရန်ရှိသည့် ဆောင် ရွက်မည့်အချက်များကို ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးပြီးမှ ဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။

သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီအလိုက် ဘဏ်ငွေစာရင်းအမည်များကို မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အမည်ဖြင့် ဆောင်ရွက်ရန်၊ နိုင်ငံတော်၊ လွှတ်တော်၊ ပြည်ထောင်စု အဆင့်သို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ကိုယ်စားပြု တင်ပြဆွေးနွေးရာတွင် အဖွဲ့ချုပ်၏ခွင့်ပြုချက်နှင့် တင်ပြမည့် အကြောင်းအရာကို ကြိုတင်သဘော တူညီချက်ရယူပြီးမှသာ ဆောင်ရွက်ရန်၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ချေးငွေစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန် စသည့်အချက်များဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် အမည်ကိုအသုံးပြု၍ ဆိုရှယ်မီဒီယာတွင် မိမိ၏ကိုယ်ပိုင်ထင် မြင်ယူဆချက်များ ရေးသားဖော်ပြမည်ဆိုပါက မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ စီမံခန့်ခွဲရေး ကော်မတီသို့ ခွင့်ပြုချက်တောင်းခံရန်နှင့် ကော်မတီ၏ သဘောတူညီမှုရရှိမှသာ ဆိုရှယ်မီဒီယာ တွင် ရေးသားဖော်ပြရန်၊ နိုင်ငံသားမွေးမြူ သူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မွေးမြူ ရေးကုမ္ပဏီများ ဟန်ချက်ညီလုပ်ကိုင်နိုင် ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းရန် စသည့်အချက်များပါဝင်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

ထို့အတူ မိုးကာလကုန်ဆုံးပါက နေပြည်တော်တွင် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် (ရုံးချုပ်) အဆောက် အအုံ တည်ဆောက်ရန်အတွက် ကြိုတင် စီစဉ်မှုများပြုလုပ်ရန်၊ ကြက်နှင့် ငါးတွဲဖက်မွေးမြူမှုနှင့် ပတ်သက်၍ ကြက်ခြံများ ဖျက်သိမ်းရပါက စီးပွားရေးထိခိုက် နိုင်မှုကို လေ့လာဆန်းစစ်ရန်အတွက် သုတေသနပြုလုပ်ရန်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီး ဓာတ်ခွဲခန်းအသေးစား တည်ဆောက်ရေး အတွက် ကြိုတင်စီစဉ်မှုများပြုလုပ်ရန်၊ ကြက်သားတင်သွင်းမှုနှင့်ပတ်သက်၍ သဘောထားမှတ်ချက် တောင်းခံလာပါက အသားစားကြက်မွေးမြူသူများနှင့် ကြက်ပေါက်ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့၏ သဘောထားအတိုင်းဆောင်ရွက် ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

S-07