News

POST TYPE

LATEST NEWS POST

မုတ်သုံလေအားကောင်းသောကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခုတွင် မိုးကြီးနိုင်
02-Aug-2020
ရန်ကုန်၊ သြဂုတ် ၂

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအလွန်ကောင်းသော အဆင့်သို့ရောက်ရှိနေခြင်းကြောင့်သြဂုတ်လ ပထမအပတ်တွင် တိုင်းနှင့် ပြည်နယ် ၈ ခုတို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်အားအသင့်တင့်ရှိနေကာ တုံကင်ပင်လယ်ကွေ့၌ဖြစ်ပေါ်နေသော ဗီယက်နမ်နိုင်ငံအထက်ပိုင်းသို့ဝင်ရောက်နိုင်ရန်ခန့်မှန်းထားသည့် အပူပိုင်း မုန်တိုင်း စင်လကု၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် နေရာကွက်မိုးကြီးနိုင်ခြင်း၊ ဒေသအလိုက် မိုးကြီးနိုင်ခြင်းများဖြစ်ပေါ်နိုင်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သြဂုတ်လ ၃ ရက်မှ ၈ ရက်အထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ခုတို့၌ နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်မိုးကြီးခြင်း၊ ဒေသအလိုက်မိုးကြီးခြင်း များဖြစ်ပေါ်နိုင်သည်။

“ ခန့်မှန်းထားတာထက်ကိုမြန်နေတဲ့ အနေအထားမှာရှိတယ် ဒီ ၂ရက်နေ့(သြဂုတ် ၂)လောက်ကနေစပြီး မိုးကြီး နိုင်တဲ့အနေအထားမျိုးရှိတယ်။ သုံး၊လေးရက်ဆက်တိုက်မိုးကြီးမယ်ဆို မြစ်၊ ချောင်းအသေးလေးတွေ ရေပြည့်ရေလျှံမှုတွေဖြစ်နိုင်တယ်။ တောင်ကုန်း၊ တောင်တန်းရှိတဲ့ဒေသတွေမှာ မြေပြိုမှုဘေးအန္တရာယ်ကို သတိပြုဖို့လိုတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်။မြေပြင်လေမှာ တစ်နာရီလျှင်မိုင် ၄၀အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ပေမှ ၁၂ပေခန့်ရှိနိုင်ကာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ပေမှ ၈ပေခန့်အထိရှိနိုင်ပြီး ကျန် မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

J-02