News

POST TYPE

LATEST NEWS POST

ဆိုက်ဘာတိုက်ခိုက်မှုကိစ္စများအရေး EU နှင့် ဆွေးနွေးလိုပါကြောင်း တရုတ်နှင့် ရုရှားထုတ်ပြန်
02-Aug-2020


ဘေဂျင်း၊ သြဂုတ် ၁

ဆိုက်ဘာတိုက်ခိုက်မှုကိစ္စဆိုင်ရာ အရေးကိစ္စများနှင့် ပတ်သက်၍ ဥရောပ သမဂ္ဂနှင့် ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းများဖြင့် ဖြေရှင်းလိုကြောင်း တရုတ်နှင့် ရုရှားတို့က သီးခြားစီ ထုတ်ပြန်လိုက်ကြောင်း CGTN သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဥရောပသမဂ္ဂက ပထမဆုံးအကြိမ်အဖြစ် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံသားများနှင့် အဖွဲ့အစည်းများကို ဆိုက်ဘာတိုက်ခိုက်မှုဖြင့် ပိတ်ဆို့အရေးယူ ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တန်ပြန်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဥရောပရှိ ပစ်မှတ်များကို ဆိုက်ဘာ တိုက်ခိုက်ခံရသည့် စွပ်စွဲချက်ကြောင့် လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို ဥရောပသမဂ္ဂက ပြီးခဲ့သည့် ကြာသပတေးနေ့က ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။

တရုတ်ဘက်မှ အဖွဲ့အစည်း တစ်ဖွဲ့၊ မြောက်ကိုရီးယားမှ တစ်ဖွဲ့နှင့် ရုရှားမှအဖွဲ့အစည်းတစ်ဖွဲ့တို့ကိုလည်း ဥရောပဆိုက်ဘာ စီမံရေးဌာနက ပိတ်ချခဲ့ခြင်း ဖြစ်သည်။ 

တရုတ်သည်လည်း ဆိုက်ဘာတိုက် ခိုက်မှုများကို ခံနေရကြောင်း၊ တရုတ်နိုင်ငံ အတွင်းမှ တိုက်ခိုက်မှုများ ရှိလာခဲ့လျှင်လည်း ဥပဒေအရအရေးယူကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိဝမ်ဝမ်ဘင်းက ဆိုသည်။

“ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ မူရင်းကို ဖော်ထုတ်ရတာဟာ ရှုပ်ထွေးလှ တဲ့ကိစ္စပါ။ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ဆိုက်ဘာနဲ့ ဆက်စပ်အငြင်းပွားမှုများကို ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းတို့နဲ့ ဖြေရှင်းသင့်ပါတယ်” ဟု ၎င်းက ပြောဆိုသွားသည်။ 

ရုရှားဘက်က ထုတ်ပြန်ရာတွင်လည်း ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူ မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားသည်။ 

ဆိုက်ဘာလုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ပညာရပ်ဆိုင်ရာ လုပ်ငန်းဆိုင်ရာ နှီးနှောဖလှယ်ရန် EU ကို အကြိမ်ကြိမ် ဖိတ်ကြားခဲ့ကြောင်း၊ သို့သော် ဥရောပ ဘက်က တစ်ဖက်သက် ပိတ်ဆို့အရေးယူမှု သာ လုပ်ခဲ့ကြောင်း ရုရှားက တုံ့ပြန် ထားခြင်း ဖြစ်သည်။ 

တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား Hacker များက စီးပွားရေးဘက်နှင့် စစ်ဘက်ဆိုင်ရာ အချက်အလက်များ ခိုးယူနေကြောင်း အမေရိကန်ပြည်ထောင်စုက မကြာခဏထုတ်ပြန်ထားသည်။

F-02