News

POST TYPE

LATEST NEWS POST

ရေစကြိုတွင် ချင်းတွင်းမြစ်ရေဝင်သဖြင့် အိမ်ထောင်စု ၈၀ ပြောင်းရွှေ့
31-Jul-2020
ဓာတ်ပုံ-မီးသတ်

ချောက်၊ ဇူလိုင် ၃၀

မကွေးတိုင်း ရေစကြိုမြို့နယ် ညောင်တောကျေးရွာအုပ်စုတွင် ချင်းတွင်းမြစ်ရေဝင်ရောက်သဖြင့် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် အိမ်ထောင်စု ၈၀ ပြောင်းရွှေ့နေထိုင်နေရကြောင်း ယင်းမြို့မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင်က ပြောဆိုသည်။

"ကျေးရွာအတွင်းမှာတော့ မြေအနိမ့်အမြင့်၊ အိမ်အနိမ့်အမြင့်ပေါ်မူတည်ပြီးတော့ တချို့နေရာတွေမှာ ရင်ညွန့်လောက်ရောက်တယ်။ တချို့နေရာတွေတော့ ပေါင်ပေါ့ဗျာ။ အဲဒီလောက်အထိ ရောက်ပြီ" ဟု ၎င်းက ရှင်းပြသည်။

ညောင်တောကျေးရွာအုပ်စုရှိ ညောင်တော၊ ညောင်တော(မြောက်)ရွာ၊ ရှစ်အိမ်တန်း၊ ကူတုတ်ကျေးရွာတို့တွင် ချင်းတွင်းမြစ်ရေ ဝင်ရောက်နေသဖြင့် မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး ခန့်က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မြစ်ရေဝင်သည့်နေအိမ်များမှ မိသားစုဝင်များ၊ ပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်၊ နွား၊ ဝက် စသည်တို့ကို ကျေးရွာအနီးရှိ မြေဖြူ၊ မုံညှင်းကျေးရွာအုပ်စု ဖူလုံကျေးရွာအနီးရှိ မြေကွက်လပ် ကွင်းပြင်သို့ပြောင်းရွှေ့ပေးခြင်း၊ ယာယီတဲတည်ဆောက်ခြင်း၊ အိမ်သာတည်ဆောက်ခြင်းနှင့် သောက်သုံးရေကန်များတည်ဆောက် ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ဦးညီညီအောင်က ထပ်မံပြောဆိုသည်။

အဆိုပါကျေးရွာများရှိ အိမ်ထောင်စု ၈၀ စုမှ လူဦးရေ ၂၂၆ ဦးနှင့် အိမ်မွေးတိရစ္ဆာန် နွား ၁၆၈ ကောင်နှင့် ဝက်နှစ်ကောင်တို့ကို နှစ်ရက်အတွင်း ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ညောင်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဌေး ကပြောဆိုသည်။

R-11