News

POST TYPE

LATEST NEWS POST

မဟာမုနိဘုရား ပြန်ဖွင့်ခွင့်ပြုရန် တိုင်းအစိုးရအဖွဲ့ထံတင်ပြ
16-Jul-2020

ဓာတ်ပုံ-မဟာမုနိဘုရားဂေါပက

မန္တလေး၊ ဇူလိုင် ၁၆

မြန်မာနိုင်ငံ၏အထင်ကရဘုရားတစ်ဆူဖြစ်သည့် မန္တလေးမဟာမုနိရုပ်ရှင်တော်မြတ်ကို ဘုရားဖူးများ ပြန်လည်ဖူးမြောခွင့်ပြုရန် မန္တလေးတိုင်း အစိုးရအဖွဲ့ထံတင်ပြထားကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ဧပြီလပထမပတ်ကစ၍ ဘုရားများ ပိတ်ထားခဲ့ရကြောင်း၊ ပြန်ဖွင့်ခွင့်ပြုပါက အဆင်သင့်ဖွင့်နိုင်ရန် ပြင်ဆင်မှုမျာပြုလုပ်ထားပြီးဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတော့ ပြန်ဖွင့်ခွင့်ပြုဖို့ ဒီနေ့ (ဇူလိုင် ၁၆) စာတင်ထားတယ်။ ဘာဖြစ်လာမလဲမသိသေးဘူး။ စစ်ကိုင်းက ဘုရားတွေ ပြန်ဖွင့်ပြီဆိုပေမယ့် လူဦးရေကလည်းနည်းတဲ့ဘုရားတွေဖြစ်နေတာ။ အဓိကတော့ ရွှေတိဂုံနဲ့ မဟာမုနိက တစ်ပြည်လုံးနဲ့ဆိုင်တာဆိုတော့ ဒါတွေလည်းပါမှာပေါ့။ ခုကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ထားတယ်”ဟု ၎င်းကရှင်းပြသည်။ 

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးတွင် ဘုရားဖူးများပြန်လည်ဝင်ရောက်ခွင့်ပြုချိန်၌ အဆင်သင့်ဖြစ်စေရန် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Thermo Scan စက်နှစ်လုံးအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာ ရေးအစီအမံများ ပြုလုပ်ထားပြီးဖြစ်ကာ လက်ဆေးကန်များ ထားရှိပေးခြင်း၊ လက်သန့်ဆေးရည်များထားရှိထားခြင်း၊ နှာခေါင်းစည်းများထားရှိပေးခြင်း၊ Social Distancing နှင့်အညီ ဘုရားဖူးနိုင်စေရန် အကွက်များ ပြုလုပ်ထားပေးသည်။ 

မန္တလေးတိုင်းအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ၊ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲနှင့် တရားစခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးပွဲများကို ခေတ္တပိတ်ထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ဇွန်လ ၁၆ ရက်နေ့က ထပ်မံထုတ်ပြန်ထားခဲ့ရာ ယင်းလမ်းညွန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များသည် ဇူလိုင်လကုန်အထိ အသက်ဝင်နေမည်ဖြစ်သည်။ 

ရတီ