News

POST TYPE

LATEST NEWS POST

ICJ တွင် တရားရင်ဆိုင်သည့် ကုန်ကျစရိတ် လွှတ်တော်၌ သီးခြားရှင်းပြရန်မလိုဟုဆို
15-Jul-2020
နေပြည်တော်၊ ဇူလိုင် ၁၅

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားရင်ဆိုင်ခဲ့ရသည့် ကုန်ကျသည့် အသုံးစရိတ်ရှင်းတမ်းကို စာရင်းစစ်အဖွဲ့ထံ အစစ်ဆေးခံမည်ဖြစ်သောကြောင့် လွှတ်တော်တွင် သီးသန့်ရှင်းလင်းရန်မလိုကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

 “ICJ မှာ တရားရင်ဆိုင်ရာတွင် ကုန်ကျတဲ့ အသုံးစရိတ်ရှင်းတမ်း၊ ခရီးစရိတ်ကုန်ကျငွေနဲ့ လေးလံပစ္စည်း သယ်ယူစရိတ်များရဲ့ အသေးစိတ်ရှင်းတမ်းတွေကို ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့အညီ စာရင်းစစ်အဖွဲ့မှာ စစ်ဆေးခံသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်မှာ သီးခြားရှင်းလင်းတင်ပြရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာနက လုပ်အားအတွက် ကုန်ကျစရိတ်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံသည့်လိုငွေ ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင် ရှေ့နေများငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေး ခန့်အပ်ခြင်းများအား တစ်ဦးချင်းစီအလိုက် မည်မျှကုန်ကျသည်ကို အသေးစိတ်ရှင်းလင်းပေးရန်နှင့် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များအတွက် ငွေကျပ် ၃၅၁ ဒသမ ၆၀၀ သန်း ကိုလည်း စနစ်တကျ အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

တရားရင်ဆိုင်ခဲ့သည့်ကိစ္စသည် နိုင်ငံတော်၏ပုံရိပ်နှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် တရားရင်ဆိုင်ရာတွင် ပညာရှင်ရှေ့နေများ ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်း စသည့်အသုံး စရိတ်များသည် နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ကျခံသုံးစွဲခွင့်ရှိသောကိစ္စများဖြစ်ကြောင်း၊ ယင်းအမှုအတွက် ငှားရမ်းထားသည့် နိုင်ငံတကာရှေ့နေကြီးများ၏ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မပြုနိုင်သည်မှာ ကျင့်ဝတ်ကိုလိုက်နာရန် တာဝန်ရှိနေသောကြောင့်ဖြစ်ကြောင်း ဦးကျော်တင်က ရှင်းပြသည်။

အဆိုပါအသုံးစရိတ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အသုံးစရိတ်ခေါင်းစဉ်အောက်မှတစ်ဆင့် အသုံးပြုရခြင်းဖြစ်ပြီး အရအသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ ကော်မတီသုံးရပ်အပြင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးမှတစ်ဆင့် ဒုတိယသမ္မတအထိ အဆင့်ဆင့်စိစစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစိစစ်လုပ်ဆောင်မှုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ရှိ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့၏ အသေးစိတ်စိစစ်ချက်ကိုရယူခဲ့ပြီးသောကိစ္စဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း ကျခံသုံးစွဲတဲ့ အသုံးစရိတ်ဖြစ်တဲ့အတွက် ဌာနရဲ့အတွင်းစာရင်းစစ်အဖွဲ့နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စာရင်းစစ်အဖွဲ့က ဘဏ္ဍာရေးစည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သုံးစွဲမှု ရှိ၊ မရှိ ၊ ရှေ့နေခအသုံးစရိတ်အပါအဝင် အသုံးစရိတ်များ မှန်ကန်မှု ရှိ၊ မရှိ တို့ကို စစ်ဆေးခံသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားသည်။

မေးခွန်းတွင်ပါရှိသည့် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်း တောင်းခံခြင်းသည် ICJ ကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်အရခရီးများထွက်ခွာခြင်း၊ လေးလံပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းအပါအဝင် ပို့ ဆောင်ရေးဆိုင်ရာ အသုံးစရိတ်များနှင့်သာသက်ဆိုင်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

အဆိုပါ အသုံးစရိတ်များသုံးစွဲမှုကို လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ပါက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြလာမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

S-01