News

POST TYPE

LATEST NEWS POST

ကျောင်းပြန်ဖွင့်ရာတွင် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနိုင်သည့်အချက်ကို သတိပြုရမည်ဟု သတိပေး
15-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၅

အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်၌ သတိပြုရမည်မှာ မြန်မာနိုင်ငံ၏ COVID-19 လူနာအားလုံး၏ ၆၀ ရာခိုင်နှုန်းသည် မည်သည့်ရောဂါလက္ခဏာမျှမပြသဘဲ ရောဂါပိုးရှိနေနိုင်သည် ဆိုသည့်အချက်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့သည် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးသို့ တက်ရောက်ပြီး ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအချက်ကိုနောက်ခံထား၍ မိမိတို့ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများဖွင့်ရာ၌ ရောဂါကူးစက်မှုမရှိရန်အတွက် ယခုကဲ့သို့ ထပ်မံတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် COVID-19 သံသယလက္ခဏာများရှိသူတစ်ဦးကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း တာဝန်ရှိသူများအားလုံးက သိရှိထားရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

တိုင်းဒေသကြီး။ ပြည်နယ်အားလုံးတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းစုစုပေါင်း ၅,၆၃၃ ကျောင်း၊ ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား အထက်တန်းကျောင်း ၂,၄၇၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် အထက်တန်းကျောင်း ၂,၄၀၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် ၃ ရက်ခြားတက် အထက်တန်းကျောင်း ၁၄၄ ကျောင်း စီစဉ်ထားရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်တင်ပြခဲ့သည်။

ထို့ပြင် ဘုန်းတော်ကြီးသင်အထက်တန်းကျောင်း ၃ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁,၀၀၀ ကျောင်းရှိပြီး အထက်တန်းကျောင်းသား စုစုပေါင်း ၁ ဒသမ ၂ သန်းဝန်းကျင်ရှိသည်ဟုလည်းဆိုသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ဖြစ်ပွားသူ လူနာ ၃၃၆ ဦးရှိပြီး လူနာများ၏ ၇၉ ရာခိုင်နှုန်းဖြစ်သော ၂၆၁ ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ကာ ယခုလက်ရှိတွင် ဆေးရုံအသီးသီး၌ ကုသမှုခံယူနေသော COVID-19 လူနာများ၏ ကျန်းမာရေးအခြေ အနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရသူ တစ်ဦးမျှမရှိတော့ကြောင်း ဒေါက်တာမြင့်ထွေးကဆိုသည်။

COVID-19 ဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက ကူးစက်သူများ၏ ၅၂ ရာခိုင်နှုန်းသည် ပြည်ပမှဝင်ရောက်လာသူများဖြစ်ပြီး COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ ၁၉ ဦးရှိကာ အသက်ရှူစက် အသုံးပြုခဲ့ရသော လူနာမှာ ၅ ဦးသာရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

S-09