News

POST TYPE

LATEST NEWS POST

အခြေခံပညာကျောင်းများတွင် မုန့်ဈေးတန်းဖွင့်ခွင့်ရမည်မဟုတ်
15-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၅

ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် မုန့်ဈေးတန်းများဖွင့်ခွင့်မပြုထားဘဲ မုန့်စားဆင်းချိန်ကိုလည်း ၁၅ မိနစ်သာ သတ်မှတ်ထားကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းကပြောကြားသည်။

ယခုပညာသင်နှစ်တွင် စာသင်ချိန်များကို လေးနာရီသာသတ်မှတ်မည်ဖြစ်၍ မနက်ကိုးနာရီတက်ရသော ကျောင်းဖြစ်ပါက နေ့လည်တစ်နာရီ ကျောင်းဆင်းရမည်ဖြစ်ပြီး စာသင်ချိန်လျော့၍ သင်ကြားရသောကြောင့် မုန့်စားဆင်းချိန် ကိုပုံမှန်အတိုင်း သတ်မှတ်ထားခြင်းမဟုတ်ကြောင်း ၎င်းကရှင်းပြသည်။

“မုန့်စားနိုင်လောက်အောင် စာသင်ချိန်တွေကအကြာကြီးမဟုတ်ပါဘူး။ မုန့်စားဆင်းချိန်လို့သာ ပြောထားပေမယ့် ၁၅ မိနစ်ပဲပေးထားတဲ့အတွက် ကလေးတွေ Toilet  သွားဖို့လောက်ပဲအချိန်ကရမှာပါ။ ကျောင်းကိုလာရင် ကိုယ့်မုန့်နဲ့ ကိုယ့်ရေနဲ့ ဆာတတ်တဲ့ကလေးဆိုရင်လည်း ထမင်းဗူးထည့်လာဖို့ ညွှန်ကြားထားပါတယ်” ဟု ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မုန့်စားနားချိန်တွင် အိမ်မှယူဆောင်လာသော အစားအစာများကို မိမိစာသင်ခုံတွင် တစ်ဦးချင်းစားရမည်ဖြစ်ပြီး လူစု၍စားချင်းမပြုရန်နှင့် အစားမစားမီနှင့် စားပြီးချိန်တို့တွင် ရေ၊ ဆပ်ပြာတို့ကိုအသုံးပြု၍ လက်ကိုစက္ကန့် ၂၀ ကြာအောင်စနစ်တကျဆေးကြောရန်၊ ရေနှင့် ဆပ်ပြာအလွယ်တကူ မရနိုင်ပါက အယ်ကိုဟောလ် ၆၀ ရာခိုင်နှုန်းပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြု၍ လက်ခြောက်သောအခါမှသာ အစားအစာများကို ကိုင်တွယ်စားသုံးရန် ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

“ကျောင်းချိန်လျော့လို့ မုန့်စားဆင်းချိန်လျော့တော့ မုန့်ဈေးတန်းက အပိုသဘောမျိုးဖြစ်သွားတာပေါ့။ လူကြီးတွေလည်း အဆင်ပြေအောင်လုပ်တာနေမှာပါ။ ကျောင်းဖွင့်တာနဲ့တင် ကလေးတွေပညာရေးအတွက် အဆင်ပြေနေပါပြီ” ဟု တာမွေမြို့နယ်အထက်တန်းကျောင်းတစ်ခုတွင် မုန့်ရောင်းသော ဈေးသည်တစ်ဦးက ဆိုသည်။

ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း ဆုံးရှုံးမှုမရှိစေရန် ဦးစားပေး လုပ်ဆောင်ခြင်းဖြစ်ပြီး စာသင်ချိန်လျှော့ချသော်လည်း စာသင်ကာလကို တိုးမြင့်သင်ကြားသွားမည် မဟုတ်ဘဲ ကျောင်းဖွင့်ချိန်နှင့်ကိုက်ညီမည့် သင့်တော်သောသင်ရိုးများကို သင်ကြားနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ်များထက် ကျောင်းဖွင့်ချိန် တစ်လကျော်ခန့် နောက်ကျခဲ့သည်။

J-02