News

POST TYPE

LATEST NEWS POST

မန္တလေးမြို့တွင် NLD အစိုးရ အလိုမရှိဟုရေးထားသောစာရွက်များ လိုက်လံဖြန့်ကြဲ
14-Jul-2020


မန္တလေး၊ ဇူလိုင် ၁၄ 

မန္တလေးမြို့တော်၌ NLD အစိုးရအလိုမရှိဟု ရေးသားထားသောစာရွက်များကို ဇူလိုင် ၁၃ ရက်နေ့ညက လူစည်းကားသည့် မီးပွိုင့်များတွင် လာရောက်ဖြန့်ကြဲထားသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။ 

“မနေ့က ည ၁၂ နာရီထိုးခါနီးမို့ နန်းရှေ့ကနေ ဆိုင်ကယ်ကိုသုတ်ချေတင်ပြီး မောင်းလာတာ။၂၆ လမ်း ၆၂ လမ်းထောင့်(လူစည်ကားတဲ့မီးပွိုင့်)မှာ စာရွက်အပုံတွေတွေ့တယ်။ ကုမ္ပဏီတစ်ခုခုရဲ့ ကြော်ငြာတွေပဲလို့ထင်တာ၊ နောက်ထပ်မီးပွင့်တစ်ခု လမ်း ၃၀နဲ့ ၆၂လမ်းမှာလည်း အလားတူ စာရွာရွက်ပုံတွေတွေ့တော့ ဆိုင်ကယ်ရပ်ပြီး ဆင်းကြည့်ဖြစ်တယ်၊ ပုံမှာပါတဲ့အတိုင်း ပါတီနိုင်ငံရေးအတွက် လှုပ်ရှားတယ်ဆိုတာသိလိုက်ရတယ်၊ အဲ့စာရွက်ကိုတွေ့တော့ စိတ်ပူသွားတယ်၊ ကျွန်တော်တို့တွေက ဘယ်ပါတီကိုမှ မဝင်ထားသလို ဘယ်ပါတီကိုမှ ထောက်ခံအားပေးနေတဲ့သူတွေ မဟုတ်ဘူး၊ ဒီလိုစာရွက်တွေ စဉ်းစားနိုင်စွမ်းနည်းတဲ့ လူ့အဖွဲ့အစည်းထဲရောက်သွားရင် အရမ်းအန္တရယ်ကြီးတယ်၊ လူ့အဖွဲ့အစည်းအချင်းချင်း ပြသနာတွေတက်နိုင်တယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကိုမိုးမင်းအောင်က ပြောဆိုသည်။

လက်ရှိအချိန်သည် စဉ်းစားနိုင်စွမ်းနှင့်လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်အလုပ်လုပ်ပေးနိုင်မည့်သူများကို စဉ်းစားရွေးချယ်နိုင်ရေး ဒေသခံလူထုကိုအသိပညာပေးရမည့်ကာလဖြစ်ကြောင်း၊ ယခုလုပ်ရပ်သည် ပါတီတခုခုက အကျိုးစီးပွားအတွက် လုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ပြည်သူအချင်းချင်း မတူညီတဲ့ရပ်တည်မှုတွေကြားမှာ နားလည်မှုမရဘဲ ခွဲခြားတဲ့ပုံရိပ်တွေကို ပိုမိုကြီးထွားစေမယ့် လုပ်ရပ်ပဲ။ ဒါကြောင့် သက်ဆိုင်ရာက အမြန်ဆုံးဖော်ထုတ် အရေးယူဖို့လိုပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းကို အသုံးချပြီး နိုင်ငံရေးလုပ်စားတဲ့ ဘယ်ပါတီမဆို ကျွန်တော်တို့ လုံး၀ရှုံ့ချပါတယ်”ဟုလည်း ကိုမိုးမင်းအောင်က ထပ်မံပြောကြားသည်။

NLD အစိုးရကို အလိုမရှိဟူသော စာသားပါသည့်စာရွက်များကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ၂၆ လမ်းနှင့် ၆၂ လမ်း၊ လမ်း ၃၀ နှင့် ၆၂လမ်း၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ၃၅ လမ်းနှင့် ၆၂ လမ်းထောင့်ရှိ မီးပွိုင့်များအပြင် အောင်မြေသာစံမြို့နယ်အတွင်း၌ လာရောက်ဖြန့်ကြဲထားခဲ့သည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှလည်း သိရသည်။ 

ဟိန်းကို(VOM)