News

POST TYPE

LATEST NEWS POST

ဧရာ၀တီမြစ်ရေစိုးရိမ်ရေမှတ်သို့ရောက်ရှိ
14-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၄

ဧရာ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေအခြေအနေ တိုင်းတာချက်အရ ဇူလိုင်လ ၁၄ ရက် နေ့လည် ၂ နာရီခွဲအချိန်တွင် ဗန်းမော်ခရိုင် ရွှေကူမြို့သည်စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး ၃ လက်မခန့် ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ မချမ်းဘောမြို့တွင်လည်း ၄ ပေခန့်ပြန်လည်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင်ရေကျနေသောမြစ်ကြီးနားမြို့က ရောက်ရှိမည့်မြစ်ရေအခြေအနေပေါ်မူတည်၍ ၃ ၊ ၄ ပေ ခန့်အထိမြစ်ရေတက်နိုင်သည်။

အလားတူ ကသာမြို့တွင်လည်း တစ်ပေခန့်မြင့်တက်ခဲ့ပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၄ စင်တီမီတာခန့်လိုသေးကြောင်း ဇူလိုင် ၁၆ ရက်တွင် စိုးရိမ်ရေမှတ်ရောက်ရှိရန်ခန့်မှန်းထားသော်လည်း ယင်းရေမှတ်မရောက်ခင် ရေပြန်လည် ကျနိုင်အခြေအနေမျိုးရှိကြောင်း ၎င်းကရှင်းပြသည်။

“မနက်ဖြန်(ဇူလိုင်၁၅) ဗန်းမော်ရေစကျပြီဆိုရင် သန်ဘက်ခါ (ဇူလိုင်၁၆) လောက်ဆိုရင် ရွှေကူပြန်ကျလာမဲ့အနေအထားမျိုးရှိတယ်။ ချက်ချင်းကြီးစိုးရိမ်ရေမှတ်အောက်ကို ရောက်သွားမှာမဟုတ်ဘူး။ တဖြည်းဖြည်းပြန်ကျသွားမဲ့ အနေအထားမျိုးရှိတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ယင်းသို့မြစ်ရေတက်မှုသည် အများဆုံးအဖြစ် ၄ ၊ ၅ ရက်ခန့်ကြာနိုင်ပြီး အနည်းဆုံးအခြေအနေတွင် ၁ ရက်ခန့်ကြာနိုင်ကြောင်း မြစ်ရေတက်ချိန်တွင် မြစ်ကမ်းဘေးတွင်နေထိုင်ကျသူများအနေဖြင့် မြစ်ရေအခြေအနေကို အမြဲမပြတ်စုံစမ်းနေရန်လိုပြီး မြစ်ရေမြင့်တက်လာပါက ဘေးအန္တရာယ်ကင်းသောနေရာများသို့ ပြောင်းရွှေ့ရန်လိုအပ်ကြောင်း သိရသည်။

ထို့အပြင် မြစ်ရေတက်ပြီးချိန်တွင် သောက်သုံးရေရှားပါးခြင်း၊ ပိုးမွှားအန္တရာယ်များ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ စသည်တို့ကိုသတိပြုရန်လိုပြီး သဘာ၀ဘေးကာကွယ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း မိုးဇလထံမှသိရသည်။

လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ဘက်ရှိ ခန္တီး၊ ဟုမ္မလင်းစသည်မြို့များတွင် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃ ပေကျော်ခန့်လိုပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်လက်စောင့်ကြည့်နေကြောင်း ယင်းဌာနထံမှသိရသည်။

J-02