News

POST TYPE

LATEST NEWS POST

မက်ဆီက ဘောလုံးသမိုင်းကြောင်း၌ အကောင်းဆုံးဟု ရိုနယ်ဒိုနှင့် ရော်နယ်ဒင်ညို ပြောဆို
14-Jul-2020


ဘာစီလိုနာ၊ ဇူလိုင် ၁၃

ခေတ်သစ်ဘောလုံးလောကတွင် မက်ဆီနှင့် စီရော်နယ်ဒိုကြားမည်သူ ပိုကောင်းသလဲဆိုသည့် မေးခွန်းမှာအဖြေမရှိသည့်ပုစ္ဆာအဖြစ် ရှိနေသော်လည်း အာဂျင်တီးနားတိုက်စစ်မှူးက ပို၍ကြီးမြတ်သူဟု ဘရာဇီးဂန္ထဝင်များဖြစ်သည့် ရိုနယ်ဒိုနှင့်ရော်နယ်ဒင်ညိုက ပြောဆိုလိုက်ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

ဘောလုံးပရိသတ်များကြား၌ မက်ဆီကပါရမီရှင်ဖြစ်ပြီး စီရော်နယ်ဒိုကနေရာတိုင်းတွင် အောင်မြင်သူဖြစ်သည်ဟု ချီးကျူးမှုများရှိနေသလို ၎င်းတို့နှစ်ဦးတွင် မည်သူမျှလိုက်မမီနိုင်သည့်တစ်ဦး စံချိန်ကောင်းများ ပိုင်ဆိုင်ထားသည်။ 

မက်ဆီနှင့်စီရော်နယ်ဒိုတို့သည် ရွှေဘောလုံးဆုကို နှစ်ဦးပေါင်း ၁၁ ကြိမ်အထိ ဆွတ်ခူးထားပြီး ခေတ်သစ်ဘောလုံးလောက၌ အအောင်မြင်ဆုံးအဖြစ်ရပ်တည်နေသည်။ 

၎င်းတို့နှစ်ဦးနှင့်ပတ်သက်၍ ဘရာဇီးဂန္တဝင်ရိုနယ်ဒိုနာဇာရီယိုက “မက်ဆီကကမ္ဘာ့အပြင်ဘက်က ဂြိုဟ်သားပါ။ စီရော်နယ်ဒိုလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ မက်ဆီကပိုပြီးပြည့်စုံပါတယ်။ သူကကြီးမြတ်သူပါ။ တစ်ခြားကစားသမားတွေထက် သူ့ကို ကျွန်တော် အများကြီးပိုကြိုက်ပါတယ်”ဟု အဖြေပေးခဲ့သည်။ 

မက်ဆီနှင့်အတူ ဘာစီလိုနာတွင် ၄ နှစ်တွဲကစားခဲ့ဖူးသည့် ရော်နယ်ဒင်ညိုက “သူနဲ့တွဲကစားချင်နေပါသေးတယ်။ အဲဒီလိုအချိန်တွေ ကျွန်တော်သိပ်မရခဲ့ဘူး။ သူဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးပါ။ သံသယရှိစရာမလိုပါဘူး။ မက်ဆီလုပ်သလို  ဘယ်သူမှမလုပ်နိုင်ပါဘူး” ဟု အာဂျင်တီးနားတိုက်စစ်မှူးကို ရွေးချယ်ခဲ့သည်။

ငြိမ်းပြည့်