News

POST TYPE

LATEST NEWS POST

ဆိပ်ဖြူတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဟုဆို
14-Jul-2020


ချောက်၊ ဇူလိုင် ၁၃  

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကျေးလက်လမ်းဦးစီးဌာနအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၁၃၈၇ သန်းကျော်သုံးစွဲ၍ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၃ ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းရှိသည်ဟု ဆိပ်ဖြုမြို့ကျေးလက်လမ်း (မြို့ပြ) ဦးစီးအရာရှိ  ဒေါ်လွင်အိဖြိုးကပြောဆိုသည်။

ပြည်ထောင်စုဘတ်ဂျက်ငွေ ကျပ် ၂၈၃ ဒသမ ၄၅ သန်းနှင့် တိုင်းဘတ်ဂျက်ငွေ ကျပ် ၁၁၀၃ ဒသမ ၆၇၈ သန်းသုံးစွဲကာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

"ကုမ္ပဏီက ဆောင်ရွက်တဲ့လုပ်ငန်းအားလုံးပြီးပါပြီ။ တံတားကလည်း တည်ဆောက်ပြီးပြီ။ တံတားချဉ်းကပ်လမ်းကလည်း ပြီးခါနီးပါပြီး။ ကျွန်မတို့ဌာနကဆောင်ရွက်တဲ့လမ်းတွေကလည်း ပြီးခါနီးပြီ။ ဆိုတော့ လုပ်ငန်းပြီးမှုက ၉၅ ရာခိုင်နှုန်းကျော်ပြီးပြီ" ဟု ဒေါ်အိလွင်ဖြိုးက ထပ်မံပြောကြားသည်။

ယင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းအရှည် ၁၁ မိုင်ရှိသော  ချောင်းမကြီး-မယ်ဇလီကွေ့- ဒေါသာ- အရှေ့ကံတွင်းလမ်းပိုင်းတွင် ပြည်ထောင်စု ဘတ်ဂျက်ငွေကျပ် ၂၇၃ ဒသမ ၄၅ သန်း သုံးစွဲခဲ့ပြီး တစ်မိုင်ငါးဖာလုံကို ကတ္တရာလမ်း ခင်းခဲ့သည်ဟု ယင်းဌာနမှတ်တမ်းအရသိရသည်။

ထို့ပြင် ပြည်ထောင်စုဘတ်ဂျက်မှ ဆိပ်ဖြူ၊ ပေါက်၊ ကူရှည်၊ အလယ်စု၊  မြောက်တော၊ ထန်းစွန်လမ်းပိုင်းကို ကျပ် ၁၀ သန်းသုံးစွဲပြီး လမ်းမြေသားချဲ့ခြင်း၊ မြေဖို့ခြင်းနှင့်မြေနီလမ်းခင်းခဲ့ကာ တိုင်းဒေသကြီး ဘတ်ဂျက်ငွေကျပ် ၁၁၀၃ ဒသမ ၆၇၈ သန်းဖြင့် မြေနီလမ်းခင်း သည့်လမ်း ၁၆ လမ်း၊ ရေကျော်ခုနစ်စင်း၊ box culvert ကိုးစင်းနှင့် သံကူကွန် ကရစ်တံတားတစ်စင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟုလည်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ကျေးလက်လမ်း ၁၃ လမ်းကိုမူ  တင်ဒါစနစ်ဖြင့် ကုမ္ပဏီများအားလုပ်ကိုင် ခွင့်ပြုခဲ့ရာ ကျပ် ၈၃၇ ဒသမ ၇၉၁ သန်း သုံးစွဲကာ ကျွန်းချောင်း၊ သက္ကယ်ကျင်း၊ ထွန်း၊ ဆင်ခေါင်း၊ ရှောက်ပင်အင်း-မင်းချမ်း၊ ပေပင်ကျင်း၊ ထွန်းသာ၊ ဆူးလေကုန်း-ဇီးဖြူကောင်း၊ ပေတော၊ မြင်က၀-ကျီးပင်၊  မြောက်ရွာမ-ဆိုက်ခင်း စသည့် ကျေးရွာများ တို့တွင် ကျေးရွာအဝင်လမ်းပိုင်းနှင့် ရွာချင်း ဆက်လမ်းတို့တွင် မြေနီလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ဆိပ်ဖြုမြို့ ကျေးလက်လမ်းဦးစီးဌာနထံမှသိရသည်။

ထို့ပြင် နေပြည်တော်တံတားတည် ဆောက်ရေးအဖွဲ့ကဦးစီးကာ ယင်းမြို့နယ် အတွင်းရှိ ဘဲကျ၊ ကျားဘေ၊ ကျားကွဲ၊  ညောင်ဂွေး၀လမ်းပိုင်းတွင် တိုင်းဒေသကြီး ဘတ်ဂျက်ငွေကျပ် ၁၆၂ သန်းသုံးစွဲပြီး  တံတားအရှည်ပေ ၆၀၊ အကျယ် ၁၈ နှင့် တစ်ဖက် တစ်ပေပလက်ဖောင်းရှိသော သံကူကွန်ကရစ်တံတားတစ်စင်းနှင့် တံတားချဉ်းကပ်လမ်းတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ဆိပ်ဖြူမြို့ ကျေးလက်လမ်း(မြို့ပြ) ဦးစီးအရာရှိ ဒေါ်အိလွင်ဖြိုး ကထပ်မံပြောဆိုသည်။     

R-11