News

POST TYPE

LATEST NEWS POST

ဆေးရုံမှထွက်ပြေးသွားသူ ထိုင်းပြန်အမျိုးသားကို မုဒုံတွင်ပြန်မိ
14-Jul-2020


တောင်ငူ၊ ဇူလိုင် ၁၃

မွန်ပြည်နယ် မော်လမြိုင်ပညာရေးကောလိပ်တွင် Quarantine ဝင်နေသူတစ်ဦး စိတ်ဖောက်ပြန်နေသည့်အတွက်  ဆေးရုံတက်ကုသနေစဉ် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက ထွက်ပြေးသွားခဲ့သူကို ဇူလိုင်လ ၁၃ ရက်နေ့နံနက်အစောပိုင်းက မုဒုံမြို့၌ ပြန်လည်ဖမ်းမိခဲ့သည်ဟု မော်လမြိုင်မြို့နယ် ကျိုက်ဖနှဲ ၁၆ လူမှုကူညီရေးအသင်းမှ ဦးဉာဏ်စိုးဝင်းက ပြောကြားသည်။

"ထိုင်းကနေ ပြန်ရောက်လာကတည်းက စိတ်ပုံမှန်ဟုတ်ပုံမရဘူး။ဆေးရုံကြီးပို့ပြီး ကုနေတုန်းပျောက်သွားခဲ့တာပါ။ ဒီနေ့မနက်မှာမှ သူ့ဇာတိဖြစ်တဲ့ မုဒုံမြို့နယ် ကွမ်လှာကျေးရွာကနေ ပြန်မိတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါအမျိုးသားသည် မုဒုံမြို့နယ်ကွမ်လှာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကထိုင်းနိုင်ငံမှ  ဇနီးဖြစ်သူအပါအဝင် သားတစ်ဦးနှင့်အတူ ပြန်လည်ဝင်ရောက်လာပြီးနောက် မော်လမြိုင်ပညာရေးကောလိပ် Community Based Facility Quarantine စခန်းတွင် စောင့်ကြည့်ခံနေစဉ် စိတ်ဖောက်ပြန်နေသည့်အတွက် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၂ ရက်နေ့နံနက်က စိတ်ဖောက်ပြန်ပြီးနောက် ဇနီးဖြစ်သူကိုလည်ပင်းညှစ်နေသည့်အတွက် လုံခြုံရေးအဖွဲ့က သွားရောက် ကူညီဖြေရှင်းစဉ် ပြန်လည်ခုခံထိုးကြိတ်ခဲ့သည့်အတွက် မော်လမြိုင်ဆေးရုံကြီးသို့ပို့ပေးခဲ့ရကြောင်း မော်လမြိုင်မြို့ခံအရပ်ဘက်အဖွဲ့ စည်းများထံမှ သိရသည်။

"လက်ရှိတော့ မော်လမြိုင်ပညာရေးကောလိပ် CBFQ  မှာထားတယ်။ အရေးယူမယူတော့မသိရသေးဘူး" ဟု မော်လမြိုင်မြို့ရှိ စောင့်ကြည့်ရေးစခန်းတစ်ခုတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက် ၃ နာရီခန့်ကလည်း မော်လမြိုင်တက္ကသိုလ် Quarantine စင်တာမှ စောင့်ကြည့်မှုခံယူနေသူ အမျိုးသားတစ်ဦး ဆေးစစ်မခံဘဲ ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် စုံစမ်းရှာဖွေနေရသည်။

R-02