News

POST TYPE

LATEST NEWS POST

လွိုင်ကော်တွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်မွေးမြူခွင့်ခြောက်လပိတ်
13-Jul-2020
တောင်ငူ၊ ဇူလိုင် ၁၃

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပီကင်း ၊ ခေါခူကျေးရွာရှိ ဝက်မွေးမြူရေးခြံအချို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြင့် ဝက်ကောင်ရေ ၁၈ဝ ကျော် သေဆုံးခဲ့ပြီးနောက် ဝက်မွေးမြူခွင့်ခြောက်လ ပိတ်ပင်ခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။

ပီကင်း၊ခေါခူကျေးရွာရှိ ဝက်မွေးမြူရေးခြံအချို့တွင် ဇွန်လ ၂၆ ရက်နေ့ကစ၍ ဝက်အပြင်းဖျားရောဂါစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝက်မွေးမြူရေးခြံ တစ်ခြံတည်းမှပင် ဝက်အကောင် ၁၆ဝ သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့သည့်ဝက်ခြံများတွင် အသွားအလာကန့်သတ်ထားပြီး ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများဆောင်ရွက်နေပြီး ကူးစက်မှုမရှိရန် ထိန်းချုပ်နေသည်ဟု လွိုင်ကော်မြို့နယ် ၊မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ၊ဒေါက်တာစိုးညွှန့်က ပြောကြားသည်။

“လက်တလောမှာ ထိန်းချုပ်ကန့်သတ်တာ ဆေးဖျန်းတာတွေလုပ်နေတယ်။ ဝက်မွေးခွင့်ပိတ်တာရောဂါဖြစ်တဲ့ ခြံနှစ်ခြံတည်းပါ။ ကျန်တဲ့ခြံတွေမပါဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါငံရောက်ကျေးရွာနှင့်ကျေးရွာအချို့တွင်လည်း မေလလယ်ခန့်ကစ၍ အိမ်မွေးဝက်များဖျားနာခဲ့ပြီး ၂ဝဝ ခန့် သေဆုံးခဲ့သေးရာ ယင်းအချိန်က ဝက်အားနည်းရောဂါ Porcine Circovirus Type-2(PCV-2)ကြောင့်ဖြစ်သည်ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ဝက်များဖျားနာသေဆုံးနေခြင်းကြောင့် ဖျားနေသောဝက်များကို သတ်မစားရန်နှင့် သေဆုံးသွားသည့်ဝက်များကို ချက်ခြင်း မြေမြှုပ်ပစ်ရန် ကျန်းမာရေးဌာနမှ အသိပေးထားသည်။

R-02