News

POST TYPE

LATEST NEWS POST

ဖွံ့ဖြိုးမှုနည်းသည့်ကျောင်းများတွင် လွယ်အိတ်၊ ကျောင်းဝတ်စုံ၊ ထီး၊ မိုးကာတို့ထောက်ပံ့မည်
13-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၂

စစ်ဘေးသင့်နေသောဒေသများ၊ ဖွံ့ဖြိုးမှုအားနည်းနေသော ဒေသများရှိကျောင်းများတွင် ကလေးငယ်များအတွက် စာရေးကိရိယာများအပြင် လွယ်အိတ်၊ ကျောင်းဝတ်စုံ၊ ထီး၊ မိုးကာ စသည်တို့ပါ ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း ကပြောကြားသည်။

ခက်ခဲသောဒေသများတွင်ရှိသော မူလတန်းနှင့် အလယ်တန်းအောက်အဆင့် ကလေးငယ်များကို ဦးစားပေး၍ ထောက်ပံ့ခြင်းဖြစ်ပြီး ကျောင်းတက်ရာတွင် မပြည့်စုံမှုများကြောင့် ကျောင်းထွက်မှုများမရှိစေရန် ကျောင်းသားအသုံးအဆောင်ပစ္စည်းများပေးခြင်း၊ မိုးများ  သောဒေသများတွင်လည်း ထီး (သို့ မဟုတ်) မိုးကာစသည်တို့ကို ထောက်ပံ့လေ့ရှိပြီး  ယခုနှစ်ကျောင်းဖွင့်ချိန်တွင်လည်း ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း ၎င်းကရှင်းပြသည်။

''လွယ်အိတ်ဆိုရင်အခြားပြင်ပ အဖွဲ့အစည်းက ကူညီထားတာရှိတယ်။ အဲ့ဒါကို ပညာရေးဝန်ကြီးဌာနကထပ်ပြီး ဖြည့်ဆည်းပြီးပေးတာရှိတယ်။ မပြည့်စုံမှုတွေကြောင့် စောစောစီးစီးကျောင်းထွက်သွားလို့ ပညာမတတ်ရင် ကလေးတွေဘဝအတွက် အဆင်မပြေမှာစိုးလို့ ရသလောက်လေးတွေ ထောက်ပံ့တာပေါ့'' ဟု ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။

ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းဆင့်များကို ဗလာစာအုပ်တစ်ဒါဇင်၊ ဘောလ်ပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ မူလတန်းအဆင့်များအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ ၄ ချောင်းပေးမည်ဖြစ်သည်။

ထို့ပြင်လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းပေါင်း ၄သောင်းကျော်အတွက် အပူချိန်တိုင်းကိရိယာ ၇ သောင်းကျော်၊ Mask ၂၁ သန်းခန့်၊ Face shield ၁ဝ သန်းကျော်စသည်တို့ကို ကျောင်းအပ်နှံရေးကာလတွင် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

လာမည့်ဇူလိုင် ၂၁ရက်တွင် အထက်တန်းမှစ၍ ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုအခြေအနေပေါ်မူတည်၍ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်တို့ကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-02