News

POST TYPE

LATEST NEWS POST

လက်စတာနှင့်ပွဲတွင် အကောင်းဆုံးဆုရ တီယာနေးကို အက်ရှ်လေကိုး ချီးကျူး
09-Jul-2020


လန်ဒန်၊ ဇူလိုင် ၈

တီယာနေးသည် အာဆင်နယ်ခံစစ်အတွက် ကြယ်တစ်ပွင့်ဖြစ်သည်ဟု နောက်ခံ လူဟောင်း အက်ရှ်လေကိုးက ချီးကျူးခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်း မျိုးဆက်ဘယ် နောက်ခံကစားသမားများထဲတွင် အထင် ပေါ်ဆုံးဖြစ်ခဲ့သည့် အက်ရှ်လေကိုးက လက်စတာနှင့်ပွဲစဉ်တွင် ပြသခဲ့သည့် တီယာနေး ၏ ခြေစွမ်းမှာ စိတ်လှုပ်ရှားစရာဖြစ်သည် ဟုဆိုခဲ့သည်။ 

အဆိုပါပွဲစဉ်အတွက် အကောင်း ဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့သည့် တီယာနေးနှင့်ပတ်သက်၍ အက်ရှ်လေကိုး က “သူပြည့်စုံမှုရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆဲလ်တစ်နဲ့အတူတောက်ပ ခဲ့ပြီး ကြီးမားတဲ့မျှော်လင့်ချက်နဲ့အတူ အာဆင်နယ်ကို ရောက်လာတာပါ။ အသင်း ကို ဒဏ်ရာတွေနဲ့လာခဲ့ရသူဖြစ်ပြီး ကြံ့ခိုင်မှုကောင်းအတွက် ကြိုးစားခဲ့သလို အခု ဆိုရင် အာဆင်နယ်ခံစစ်ရဲ့ကြယ်တစ်ပွင့်ဖြစ်ဖို့ အစပြုလာခဲ့ပါပြီ။ ထိပ်တန်း အရည်အသွေးရှိပြီး တိုက်စစ်လိုက်ပါ ကစားနိုင်သလို ဖြတ်တင်ဘောပေးပို့မှုအပြင် တစ်ဦးချင်း လူကပ်ကစားတဲ့နေရာမှာပါ ကျွမ်းကျင်ပါတယ်။ တိုးတက်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေပေမယ့် သူက တောက်ပပြီးသားဖြစ်နေပါတယ်”ဟု ချီး ကျူးခဲ့သည်။ 

အာဆင်နယ်အသင်းသည် လက်စတာ နှင့်ပွဲစဉ်တွင် အူဘာမီယန်း၏ဂိုးဖြင့်ဦးဆောင် နိုင်ခဲ့သော်လည်း ၇၅ မိနစ်တွင် လူငယ်တိုက်စစ်မှူး အန်ကီတီရက်ရှ် ထုတ်ပယ်ခံရပြီး နောက် ပွဲချိန် ၈၄ မိနစ်တွင် ဗာဒီ၏ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး တစ်ဂိုးစီသရေဖြင့်သာ ကျေနပ်ခဲ့ရသည်။

ငြိမ်းပြည့်