News

POST TYPE

LATEST NEWS POST

အမှတ်(၃)လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ ခြောက်ဦး သေဆုံး
09-Jul-2020
ဓာတ်ပုံ-ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၈

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်း တိုးဂိတ်အနီးတွင် ဇူလိုင်လ ၈ ရက် နံနက် ၁ နာရီခန့်က ကွန်တိန်နာယာဉ်တစ်စီး၏ နောက်ပိုင်းကို Kluger အမျိုးအစား မော်တော်ယာဉ်က ဝင်တိုက်မိခဲ့ပြီး ကားပေါ်တွင်ပါလာသည့် အမျိုးသားခြောက်ဦးမှာ ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

"ကားလေးပေါ်လိုက်ပါလာတဲ့ ခြောက်ယောက်လုံးသေဆုံးသွားတယ်။ ငါးယောက်က အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး တစ်ယောက်က ဆေးရုံရောက်မှ သေဆုံးသွားတာ" ဟု ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ခံဖြစ်သူ ကိုထင်လင်းအောင်က ပြောကြားသည်။

အမျိုးသားခြောက်ဦး လိုက်ပါလာသော Kluger အမျိုးအစားမော်တော်ယာဉ်မှာ ထောက်ကြန့်ဘက်မှ မင်္ဂလာဒုံဘက်သို့ အမှတ်(၃) လမ်းအတိုင်း မောင်းနှင်လာစဉ် တိုးဂိတ်အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးတွင် ရပ်ထားသည့် ကွန်တိန်နာယာဉ်၏ နောက်ပိုင်းကို ဝင်တိုက်မိခဲ့သည်။

"ကွန်တိန်နာကားက လမ်းဘေးမှာ စုံမီးဖွင့်ပြီးရပ်ထားတာ။ ကားသမားက အနီးမှာရှိတဲ့ Denko ဆီဆိုင်နားက မီနီစတိုးဆိုင်မှာ ဈေးဝင်ဝယ်နေချိန် သူ့ကားနောက်ပိုင်းကို ကားလေးကဝင်တိုက်မိတာ" ဟု ရဲအရာရှိကရှင်းပြသည်။

သေဆုံးသူ အမျိုးသားခြောက်ဦးမှာ သူငယ်ချင်းများဖြစ်ကြပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဆေးရုံသို့ပို့အပ်ထားကာ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်နေရာအနီးရှိ Denko ဆီဆိုင်မှ တပ်ဆင်ထားသော CCTV မှတ်တမ်းများကို စစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03