News

POST TYPE

LATEST NEWS POST

ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကျောင်းသားထု တစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်
08-Jul-2020


မန္တလေး၊ ဇူလိုင် ၇

မန္တလေးမြို့တော်အတွင်းရှိ ရတနာပုံ တက္ကသိုလ်၌ ဇူလိုင်လ ၇ ရက်နေ့က ကျင်းပသော ၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားတွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကျောင်းသား ထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် ခဲ့သည်။

ရွေးကောက်ပွဲဟူသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် အပေါ်ယံရွှေမှုန်ကြဲ ဒီမိုကရေစီအတုအယောင်သာဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီအရေး တိုက်ပွဲများကို ဆက်တိုက်ဆင်နွှဲရန် လိုအပ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို ဗကသများအဖွဲ့ချုပ်မှ အထူးမျှော်လင့်လျက် ရှိကြောင်း၊ ဒီမိုကရေစီပညာရေးသည် ကျောင်းသားထုတစ်ရပ်လုံးနှင့် သက်ဆိုင်သောကိစ္စဖြစ်ပြီး ဗကသများအဖွဲ့ချုပ်မှ အထွေထွေလုပ်ငန်းစဉ်ချမှတ်၍ ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိရာ ကျောင်းသား ထုတစ်ရပ်လုံးကို ပူးပေါင်းပါဝင်ကြရန် လေးလေးနက်နက်ဖိတ်ခေါ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ပန်ကြားချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူညီမျှရေးတို့သည် ယနေ့ နိုင်ငံရေးအခြေအနေတွင် အလိုအပ်ဆုံးသော နိုင်ငံရေးတောင်းဆိုချက်များဖြစ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုစစ်စစ်ကို အကောင်အထည်ဖော်နိုင်မှသာ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဖြစ်၍ ပြည်တွင်းငြိမ်းချမ်း ရေးတောင်းဆိုမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်ရန် လိုအပ်ကြောင်း ဗကသအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောကြားသည်။

၅၈ နှစ်မြောက် ဆဲဗင်းဇူလိုင်အောက် မေ့ဖွယ်အခမ်းအနားသို့ လွိုင်ကော် တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်တို့မှ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား အသံအသင်း၊ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီတို့မှ သဝဏ်လွှာများပေးပို့ခဲ့ကြပြီး တက်ရောက်လာသော ဗကသများက ကဗျာရွတ်ဆိုခဲ့ကြသည်။ 

S-02