News

POST TYPE

LATEST NEWS POST

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းအိမ်ရာ နေပြည်တော်တွင် တစ်နှစ်အတွင်း ဆောက်လုပ်မည်
07-Jul-2020
ရန်ကုန်၊ ဇူလိုင် ၆

အငြိမ်းစားယူပြီး နိုင်ငံ့ဝန်ထမ်းများ နေထိုင်နိုင်မည့် အိမ်ရာများကို နေပြည်တော်တွင် တစ်နှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအိမ်ရာများကို တစ်နှစ် အတွင်း အပြီးသတ်ဆောက်လုပ်မည် ဖြစ် ပြီး အခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ၊ ၄ ထပ် အဆောက်အအုံ ၁၉၈ လုံး၊ အခန်း စုစုပေါင်း ၃၀၀၀ ပါဝင်ကာ မြေဧရိယာ ဧက ၇၀ ခန့်တွင် တည်ဆောက်သွားမည် ဖြစ်သည်။

အိမ်ရာများကို နေပြည်တော် ဇမ္ဗူ သီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား တောင်ညိုကားလမ်းအနီးတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ၆၅၀ စတုရန်းပေ ကျယ်ဝန်းသည့် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်းတွဲလျက်၊ မီးဖိုချောင်၊ ရေချိုးခန်းအိမ်သာ စသဖြင့် ပါဝင်သည့် လေးခန်းတွဲ၊ လေးထပ်တိုက်များဖြစ်သည်။

အဆိုပါအိမ်ရာများကို ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ လျှောက်ထားခွင့်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အငြိမ်းစားဝန်ထမ်းများနှင့် ၂၀၂၀ တွင် အငြိမ်းစားယူမည့် ဝန်ထမ်းများအထိ လျှောက်ထားနိုင်ကြောင်း နေပြည်တော်စည်ပင်သာယာ ရေးကော်မတီက ထုတ်ပြန်သည်။

တိုက်ခန်းဈေးများကို မြေညီထပ် သိန်း ၂၅၀၊ ပထမထပ် သိန်း ၂၄၀၊ ဒုတိယ ထပ် သိန်း ၂၃၀၊ တတိယထပ် သိန်း ၂၂၀ တို့ဖြင့် ရောင်းချမည်ဖြစ်ပြီး အရစ်ကျနှင့် လက်ငင်းဝယ်ယူနိုင်သည့်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

လက်ငင်းဝယ်ယူသူများအနေနှင့် လူကိုယ်တိုင် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီသို့ သွားရောက်ကာ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့်အတူ ပုံစံ (၆၆) မိတ္တူနှင့် ဝယ်ယူပြီး တစ်လအတွင်း ငွေအကြေ သွင်းကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး အရစ်ကျဝယ်ယူသူများသည် ကနဦး ပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းကာ ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို နေပြည်တော်စည်ပင်သာယာရေးဘဏ်တွင် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

J-03