News

POST TYPE

LATEST NEWS POST

ပညာရေးတက္ကသိုလ်ကောလိပ် သင်တန်းဆင်းဆရာ၊ ဆရာမ ၁၇,ဝ၀၀ ကျော် ခန့်ထားခွင့်ပြု
06-Jul-2020


ရန်ကုန်၊ ဇူလိုင် ၆

ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် လိုအပ်နေသော ဆရာ၊ ဆရာမ ရာထူးနေရာများကို ဖြည့်ဆည်းခန့်ထားရန် ပညာရေးတက္ကသိုလ်နှင့် ကောလိပ်ဆင်း ဆရာ၊ ဆရာ ၁၇,ဝ၀၀ ကျော် ခန့်ထားခွင့်ပြုလိုက်ကြောင်း အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်အရ သိရသည်။

ယင်းကဲ့သို့ခန့်ထားခွင့်ပြုရာတွင် ပညာရေးတက္ကသိုလ် လေးနှစ်သင်တန်းဆင်း ဆရာ၊ ဆရာ ၁,၁၈၃ ဦးကို အထက်တန်းပြ၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ဆင်းနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ဒီပလိုမာသင်တန်း (DTEd) ဆရာဆရာမ ၁၆,၂၆၃ ဦး တို့ကို မူလတန်းပြများအဖြစ် ခန့်ထားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ယင်းသင်တန်းများမှဆင်းသည့် ဆရာ၊ ဆရာမများကို ခန့်ထားခွင့်ပြုလိုက်ခြင်းအမိန့်စာများကို တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပေးသွားရမည်ဟု အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်တွင် ပါရှိသည်။

ထို့ပြင် မူလတန်းပြရာထူးတူ အပြောင်းအရွှေ့လျှောက်ထားပြီးသူ (တိုင်းဒေသကြီး/ ပြည်နယ်အတွင်း) ၂၁ယဝ၂၈ ဦးနှင့် (တိုင်းဒေသကြီး/ ပြည်နယ်ခြား) ၁၄၄ ဦး၊ စုစုပေါင်း ၂၁,၁၇၂ ဦးတို့ကိုလည်း ဇူလိုင်လ ၇ ရက်နေ့ ရက်စွဲဖြင့် အပြောင်းအရွှေ့ခွင့်ပြုသည့် အမိန့်စာများကိုလည်း ထုတ်ပြန်ခွင့်ပြုထားသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် အခြေခံပညာကျောင်းများတွင် လိုအပ်နေသည့် ဆရာ၊ ဆရာမအရေအတွက်ကို ဖြည့်ဆည်းခန့်ထားရန် ဆောင်ရွက်နေသကဲ့သို့ အခြေခံပညာကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် ဘွဲ့ရ နေ့စားလပေး အထွေထွေဝန်ထမ်း ၃,ဝ၀၀ ကျော်ကို အမြဲတမ်းဝန်ထမ်းများအဖြစ်ခန့်ထားပြီး ၎င်းတို့အထဲမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ဆရာဖြစ်သင်တန်းများ တက်ရောက်စေပြီး မူလတန်းပြများအဖြစ် ခန့်ထားဦးမည်ဖြစ်သည်။

S-09