News

POST TYPE

LATEST NEWS POST

အာဇာနည်ဗိမာန်သို့ဝင်ရောက်ရမည့် လမ်းကြောင်းများ ဖြတ်သန်းသွားလာမှု ခေတ္တပိတ်မည်
06-Jul-2020
ရန်ကုန်၊ ဇူလိုင်-၆

(၇၃) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကျင်းပနေစဉ် အချိန်အတွင်း  အာဇာနည်ဗိမာန်သို့ ဝင်ရောက်ရမည့် လမ်းကြောင်းများကို ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ဆို့ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။ 

အဆိုပါ အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်တွင် ဇူလိုင် ၁၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားကျင်းပနေစဉ်ကာလအတွင်း ဇူလိုင် ၁၉ ရက်နေ၊ နံနက် ၄ နာရီအချိန်မှ အခမ်းအနားပြီးဆုံးချိန်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါအခမ်းအနားကျင်းပစဉ်ကာလအတွင်း ပိတ်ဆို့သွားမည့်နေရာများမှာ ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံရာမှ အနောက်ရွှေဂုံတိုင်လမ်းနှင့် လင့်လမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းဆုံ၊ ဓမ္မစေတီလမ်းနှင့်ဦးဝိစာရလမ်းဆုံ၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံတို့မှ လမ်းလွှဲစနစ်ဆောင်ရွက်မည်ဖြစ်ပြီး အာဇာနည်လမ်း၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ် (အာဇာနည်လမ်းထိပ်)၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်) လမ်းတို့ကို ခေတ္တပိတ်ထားမည်ဖြစ်သည်။ 

ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ အများပြည်သူများ ဝင်ရောက်ဂါရဝပြုခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ယခင်နှစ်များကအတိုင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နေအိမ်ပြတိုက်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ဝန်ကြီးများရုံးကိုလည်း ယခုနှစ်တွင် COVID - 19 ကြောင့် အများပြည်သူများကို ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

(၇၃)နှစ်မြောက်အာဇာနည်နေ့တွင် COVID-19 ကြောင့် အများပြည်သူများ ဝင်ရောက်ခွင့်မပြုသော်လည်း နိုင်ငံပိုင်ရုပ်သံလိုင်းများမှတဆင့် အများပြည်သူကြည့်ရှုနိုင်ရန် တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

S-05