News

POST TYPE

LATEST NEWS POST

ပုသိမ်မြို့နယ်မြေစာရင်းဦးစီးမှူးကို အဂတိလိုက်စားမှုဖြင့် ရဲတပ်ဖွဲ့ကဖမ်းဆီး
06-Jul-2020


ပုသိမ်၊ ဇူလိုင် ၅

ဧရာဝတီတိုင်းပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန (မြေစာရင်း) ဦးစီးမှူး ဦးကိုကိုနိုင်ကို ရဲတပ်ဖွဲ့က အဂတိလိုက်စားမှုဖြင့် ဇူလိုင် လ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းထံမှသိရသည်။

ရေကြည်မြို့နယ်မြေစာရင်းဦးစီးမှူးအဖြစ် တာဝန်ယူခဲ့စဉ်က ဒေသခံတောင်သူ ၁၇ ဦးထံမှ ကျပ် ၁၇ သိန်းခွဲ  တောင်းခံရယူခဲ့သည့်အတွက် ရဲတပ်ဖွဲ့ကအဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

ရေကြည်မြို့နယ် ကျေးရွာအုပ်စု ၅ အုပ်စုမှတောင်သူ ၁၇ ဦးထံမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးခြင်းနှင့် လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်ထားခြင်းတို့တွင် ငွေကြေးတောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ရေကြည်မြို့မရဲစခန်း၌ ဇူလိုင်လ ၃ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ပုသိမ် မြို့မရဲစခန်းမှစခန်းမှူး ဒုတိယရဲမှူးမြင့်ခင်က The Voice Daily သို့ ပြောကြားသည်။

"အဂတိကတိုင်ကြားလာတဲ့အတွက် ဦးကိုကိုနိုင်ကို ပုသိမ်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပါပြီ။ သူက ရေကြည်မြို့နယ်ကနေ တာဝန်ပြောင်းရွှေ့လာသူပါ" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ပုသိမ်မြို့နယ်မြေစာရင်းဦးစီးမှူး  ဦးကိုကိုနိုင်ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ကာတရားရုံးတော်တွင် ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်လုပ်ဆောင်နေကြောင်း ပုသိမ်မြို့မရဲစခန်းထံမှ သိရသည်။   

R-04