News

POST TYPE

LATEST NEWS POST

တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာဖိုက်တာဆု ပဏာမစာရင်းတွင် အောင်လအန်ဆန် ပါဝင်နေပြီး မဲပေးကြရန်တောင်းဆို
06-Jul-2020


ရန်ကုန်၊ ဇူလိုင် ၅

MMA (One Championship) ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာ ဖိုက်တာဆုပဏာမစာရင်းတွင်ပါဝင်နေပြီး ဆုထပ်မံရရှိရန် မဲပေးကြရန် အောင်လအန်ဆန်က တိုက်တွန်းထားသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်နှစ် တစ်နှစ်တာအကောင်းဆုံးဖိုက်တာဆု (International Fighter of the Year) ရရှိခဲ့ဖူးသည့်အတွက် ၂ နှစ်ဆက်တိုက် ပဏာမစာရင်း၌ပါဝင်လာခြင်းဖြစ်သည်။

အဆိုပါဆုကို ဗြိတိန်နိုင်ငံအခြေစိုက် Fighter Only မဂ္ဂဇင်းက ကြီးမှူး၍ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ World  MMA Award ဆုချီးမြှင့်ပွဲကို အောက်တိုဘာလအတွင်း ပြုလုပ်မည်ဖြစ်သော်လည်း ကျင်းပမည့်နေရာကိုမူ ပြန်လည်ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာထားသည်။

Fighter Only မဂ္ဂဇင်းသည် ယခုနှစ်အတွက် ဆုရွေးချယ်ရာတွင် ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၀ ဇွန်လ ၃၀ ရက်အထိကျင်းပခဲ့သည့် ပြိုင်ပွဲများ၏ ရလဒ်နှင့် စွမ်းဆောင်ရည်များကို ထည့်သွင်းတွက်ချက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ်တွင် ဆုအမျိုးအစား ၂၂ ဆု ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက ဆုအလိုက်ပဏာမစာရင်းများကို ထုတ်ပြန်ခဲ့ရာ အောင်လအန်ဆန်က တစ်နှစ်တာအကောင်းဆုံးနိုင်ငံတကာ ဖိုက်တာဆု၏ ပဏာမစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ 

ယင်းဆု၏ ပဏာမစာရင်းတွင် အောင်လအန်ဆန်နှင့်အတူ UFC အမျိုးသားဖိုက်တာဝယ်တာဝိတ်တန်းချန်ပီယံ အူစမန်၊ UFC အမျိုးသားဖိုက်တာ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အက်ဒီဆန်ညာ၊ UFC အမျိုးသမီးဖိုက်တာ ဖလိုင်းဝိတ်ချန်ပီယံ ဗလင်တီနာ၊UFC အမျိုးသမီးဖိုက်တာ စထရောဝိတ်တန်းချန်ပီယံဝေလီဇန် တို့ပါဝင်သည်။ 

အောင်လအန်ဆန်သည် ၂၀၁၈ တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာဖိုက်တာဆုကို UFC ဖိုက်တာခါဘစ်ကို ကျော်ဖြတ်၍ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၉ အတွင်း ဂျပန်ဖိုက်တာ ကန်ဟက်ဆီဂါဝါနှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ၊ ဖိလစ်ပိုင်ဖိုက်တာ ဘရန်ဒန်ဗီရာနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ထိုးသတ်ခဲ့ပြီး နှစ်ပွဲစလုံးကိုအနိုင်ရကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

တစ်နှစ်တာ အကောင်းဆုံးဖိုက်တာဆု (International Fighter of the Year) ကိုပရိသတ်များ၏ မဲပေးစနစ်ဖြင့် ရွေးချယ်ပေးသွားမည်ဖြစ်ကာ www.worldmmaawards.com/nominees သို့ ဝင်ရောက်မဲပေးနိုင်မည်ဖြစ်သည်။

ပရိသတ်အားလုံး ဝမ်းသာဂုဏ်ယူနိုင်ရန် ဆုရယူပေးလိုကြောင်းနှင့် ၎င်းကိုဆန္ဒမဲပေး၍ အားပေးထောက်ခံပေးရန် အောင်လအန်ဆန်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

လက်ရှိတွင် အောင်လသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းကြောင့် အောင်လနှင့် ၎င်း၏မိသားစုသည် အမေရိ ကန်ပြည်ထောင်စုမေရီလန်းပြည်နယ်ရှိ ဘောလ်တီမောမြို့၌ နေထိုင်နေပြီးနေအိမ်တွင်းမှ အပြင်မထွက်ဘဲ ၁၄ ရက်ကြာ Quarantine သီးသန့်နေထိုင်ရမည် ဖြစ်သည်။

ချစ်ဝိုင်း