News

POST TYPE

LATEST NEWS POST

ဗန်းမော်ခရိုင်တွင် ငါးလောင်းပြိုင်လူသတ်မှုဖြစ်
05-Jul-2020
ရန်ကုန်၊ ဇူလိုင် ၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်းရှိ ဂိုင်ဒေါ်ကျေးရွာတွင် ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည့် နေအိမ်တွင် မိသားစုဝင် ခြောက်ဦး နေထိုင်ပြီး ဇူလိုင် ၂ ရက် ညပိုင်းက ငါးဦး မှာ အသတ်ခံရ၍ ယင်းနေအိမ်ရှိ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသာ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး ခဲ့သူများမှာ ဒေါ်ယမ်ထု (၇၀)နှစ်နှင့် ၎င်း၏ သား ဦးယာကုလန်ဇိန်တန်ဂွန်၊ ချွေးမဖြစ်သူ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန်၊ မြေးဖြစ်သူ မောင်လိန်ဇိန်ဆန်လီဇော်နှင့် မောင်လန်ဇိန်ဒိန်ဆန်အောင် တို့ဖြစ်ကြ ပြီး ဦးယာကုလန်ဇိန်တန်ဂွန်၏ အသက် ၁၃ နှစ်အရွယ် သားကြီးဖြစ်သူ တစ်ဦးသာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို ဇူလိုင် ၃ ရက်နေ့က သင်္ဂြိုဟ်ခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ ထိန်းချုပ်မှုနယ်မြေတွင် ရှိနေသောကြောင့် သွားရောက်သတင်းရယူ စုံစမ်းရန် အခက်အခဲများရှိကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

“အမှုဖြစ်တဲ့နေရာက တားမြစ် နယ်မြေထဲမှာ ဖြစ်နေတယ်။ သွားလို့ လည်းမရဘူး၊ သတင်းယူလို့လည်း မရဘူး။ မန်စီကနေ ငါးမိုင်လောက်အထိပဲသွားလို့ ရတယ်။ အဲဒီထက်ပိုပြီး ရှေ့ဆက်သွားလို့မရဘူး။ ဖြစ်စဉ်ကတော့ မှန်ပါတယ်” ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မန်စီမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ရဲလုပ်ငန်းဆောင်ရွက် ရန် အခက်အခဲများရှိနေပြီး ကာယကံရှင် မိသားစုဝင်ဘက်ကလည်း ယနေ့အချိန်ထိ လာရောက် အမှုဖွင့်လှစ်တိုင်ကြားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03