News

POST TYPE

LATEST NEWS POST

ဆောက်လုပ်ရေးကဏ္႑အတွက် ဝင်ငွေခွန်ကို ယခုနှုန်းထားအတိုင်း သက်တမ်းတိုးပေးရန် တောင်းဆို
04-Jul-2020
ရန်ကုန်၊ ဇူလိုင် ၄

၂၀၁၉-၂၀၂၀ ဘဏ္႑ာနှစ်တွင် လျှော့ချပေးထားသည့် ဝင်ငွေခွန်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးပေးရန်နှင့် Covid-19 ကာလ ဝယ်ယူသူများအတွက် ဝင်ငွေခွန်ကို အထူးလျှော့ချပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

အစိုးရသည် လုပ်ငန်းရှင်ပြည်သူများအား ဝင်ငွေခွန်နှုန်းထားများကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္႑ာနှစ်တစ်နှစ် စမ်းသပ်လျှော့ပေါ့ ကောက်ခံလျက်ရှိသောကြောင့် ယင်းသို့ ဆောက်လုပ်ရေးကဏ္႑အတွက် အရေးပါသည့်ဝင်ငွေခွန်ကို လျှော့ချပေးရန် တောင်းဆိုခြင်းဖြစ်သည်။

လက်ရှိဘဏ္႑ာနှစ်အတွင်း လျှော့ထားပေးသည့် ဝင်ငွေခွန်နှုန်းထားသည် လာမည့်စက်တင်ဘာလ ၃၀ ရက်တွင် တစ်နှစ်သက်တမ်း ကုန်တော့မည်ဖြစ်ပြီး နှုန်းထားအသစ်ပြောင်းလဲမှုကြောင့် အခွန်မှကောက်ခံရရှိမှုသည် အောက်တိုဘာ ၁ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျပ် ၁၇၀၄ ဒသမ ၆ ဘီလီယံအထိရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမွ သိရသည်။

၂ဝ၁၉-၂ဝ၂ဝ ဝင်ငွေခွန်လျှော့ပေါ့နှုန်းထားများကို ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်း အသီးသီးသတ်မှတ်ခဲ့သော်လည်း ကိုဗစ်ကာလဝယ်ယူသူများ၏ ဝယ်ယူသည့်တန်ဖိုးငွေအားလုံး အတွက် ၃ ရာခိုင်နှုန်းထက် မပိုသောနှုန်းထား သတ်မှတ်ပေးပါရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများက တွက်ချက်သဘောတူညီမှုရယူခဲ့ကြခြင်းဖြစ်သည်။

ဝင်ငွေခွန်လျှော့ပေါ့ကောက်ခံခြင်းကြောင့် ပထမ ၃ လပတ်တွင် အခွန်ထမ်းဦးရေ တိုးတက်မှုရာခိုင်နှုန်း၂၅၈ ဒသမ ၃၁၉ ရာခိုင်နှုန်း၊ ကောက်ခံရရှိသည့် ဝင်ငွေပေါင်း ကျပ်သန်း ၃၇,ဝဝဝ၊ တိုးတက်မှုရာခိုင်နှုန်း ၆၆ ဒသမ ၄၅၃ ရာခိုင်နှုန်း၊ တံဆိပ်ခေါင်းခွန် ရရှိငွေ ၉,၆၂၉ သန်း၊ တိုးတက်မှုရာခိုင်နှုန်း ၄ဝ ရာခိုင်နှုန်းအသီးသီး အခွန်ငွေတိုးတက်လာကြောင်း၊ နောက်ထပ် ယခင်နှစ်ကာလတူ ဒုတိယ ၃ လပတ်တွင်လည်း ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များ တိုးတက်ကြောင်း စီမံကိန်း ဘဏ္႑ာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ကိုဗစ်-၁၉ ကာလ တရားဝင်ခွင့်ပြုချက်ကျပြီး တည်ဆောက်ဆဲ ဆောက်လုပ်ရေးလုပ်ငန်း ၂ မျိုးရှိရာ ထိုသို့ဝင်ငွေခွန်ကို အထူးလျှော့ချပေးပါက ပုဂ္ဂလိကနှင့် နိုင်ငံတော်အကျိုးတူပြုလုပ်ထားသည့် လုပ်ငန်းများဖြစ်သော BOT၊ PPP စီမံကိန်းများနှင့် ပုဂ္ဂလိကပိုင်မြေပေါ်၌ Developer များဆောက်လုပ်သည့် Apartment၊ Condominium ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုလည်ပတ်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။

J-03