News

POST TYPE

LATEST NEWS POST

ဆူခိုထိုင်းအသင်းက မကြာမီစာချုပ်သစ် ကမ်းလှမ်းလာနိုင်ကြောင်း ဇော်မင်းထွန်းဆို
03-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂

ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် သွားရောက်ကစားနေသည့် မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းသည် အောက်တိုဘာတွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး မကြာမီအသင်းဘက်မှ ကမ်းလှမ်းမှု ရှိလာနိုင်ကြောင်း ပြောသည်။

ယခုရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ရာသီအစပွဲစဉ် (၄) အပြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားခြင်းဖြစ်ပြီး စက်တင်ဘာတွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

ထို့ကြောင့် ထိုင်းကလပ်အသင်းများသည် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်နေပြီး ဇော်မင်းထွန်း ပါဝင်ကစားနေသည့် ဆူခို ထိုင်းအသင်းမှာလည်း ဇွန် ၂၀ ရက်မှစ၍ ပုံမှန်လေ့ကျင့်လျက်ရှိသည်။ 

ဇော်မင်းထွန်းသည် ယခုရာသီအစတွင် ဆူခိုထိုင်းအသင်းသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေခြင်းဖြစ်ပြီး အောက်တိုဘာလကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

"ကျွန်တော်နဲ့ ဆူခိုထိုင်းအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်က အောက်တိုဘာ လကုန်မှာကုန်ဆုံးမှာပါ။ ပြိုင်ပွဲက စက်တင်ဘာမှ ပြန်လည်ကျင်းပမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလလောက်မှပြိုင်ပွဲ ပြီးဆုံးမှာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက ပုံမှန်လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာမျိုးတော့ မရှိသေးပါဘူး။ စာချုပ်သက်တမ်းတိုးဖို့ မကြာမီပြောလိမ့်မယ်လို့ထင်ပါတယ်" ဟု ဇော်မင်းထွန်းကပြောသည်။

ထိုင်းဘောလုံးအဖွဲ့ချုပ် (FAT) သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ထိုင်းလိဂ်တွင် ကစားနေသူများကို လစာတစ်ဝက်လျှော့ချခဲ့ပြီး ဇော်မင်းထွန်းအပါအဝင်ထိုင်းလိဂ်တွင် ပါဝင်ကစားနေသည့်  မြန်မာကစားသမားအားလုံးမှာလည်း  လစာရာခိုင်နှုန်း ၅၀ စီသာ ခံစားခွင့်ရရှိနေသည်။

ဆူခိုထိုင်းအသင်းသည် ရာသီအစတွင် မြန်မာ့လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်းနှင့်အတူ တိုက်စစ်မှူး ကျော်ကိုကိုကိုပါ ခေါ်ယူခဲ့သော်လည်း မေလတွင် နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့သောကြောင့် ဇော်မင်းထွန်းတစ်ဦးသာ ကျန်ရှိ တော့ခြင်းဖြစ်သည်။ 

ဇော်မင်းထွန်းသည် ရာသီအစလေးပွဲတွင် နှစ်ပွဲပွဲထွက်ကစားခွင့်ရခဲ့ပြီး ကျန်နှစ်ပွဲတွင် အရန်စာရင်း၌ ပါဝင်ခဲ့သည်။

ချစ်ဝိုင်း