News

POST TYPE

LATEST NEWS POST

ဆန်အိတ်လေးသောင်းခွဲကျော်ကို တင်ဒါစနစ်ဖြင့် ရောင်းချ
03-Jul-2020
ရန်ကုန်၊ ဇူလိုင် ၂

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲ ရေးအဖွဲ့က ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်နှင့် ငစိန် ၂၅ ရာခိုင်နှုန်း ဆန်အိတ်စုစုပေါင်း ၄၆,၁၁၆ အိတ်ကို မျက်မြင်အခြေအနေအတိုင်း ပြည်တွင်းလုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့က ဝယ်ယူထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထွက် မိုးစပါးမှ ကြိတ်ခွဲထားသည့် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် ၂၉,၉၂၉ အိတ်နှင့် ငစိန် ၂၅ ရာခိုင်နှုန်းဆန် ၁၆,၁၈၇ အိတ်တို့ကို ဆန်ဝယ်ယူလိုသည့် လုပ်ငန်းရှင်များအနေနှင့် တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဇွန်လ ၂၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး။ ပြည်နယ်ဦးစီးမှူးရုံးများတွင် စတင်ရောင်းချနေပြီး တင်ဒါများကို ဇူလိုင်လ ၂၇ ရက်နေ့ တွင် နောက်ဆုံးထား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃ နေပြည်တော်တွင် ပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။

အဆိုပြုတင်ဒါ တင်သွင်းထားသူများ၏ ဝယ်ယူရန် အဆိုပြုပမာဏနှင့် အဆိုပြုတန်ဖိုးတို့ကို တင်ဒါဖွင့်လှစ်ချိန်တွင် ဗဟိုကြီးကြပ်ရေးအဖွဲ့က ချင့်ချိန်၍ ရောင်းဈေးနှုန်းကို ဆန်အမျိုးအစားအလိုက် တစ်ပြေးညီ သတ်မှတ်ပေးမည်ဖြစ်ပြီး ဝယ်ယူရန်အဆိုပြုလာသည့် ဆန်ပမာဏသည် ရောင်းချမည့်ဆန် ပမာဏထက်ကျော်လွန်ပါက အဆိုပြုဈေးနှုန်းအလိုက် ဦးစားပေးစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တင်ဒါစနစ်ဖြင့် ဝယ်ယူရာတွင် ဝယ်ယူမည့်လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီသည် မြန်မာကုမ္ပဏီဖြစ်ရန်လိုအပ်ပြီး အနည်းဆုံးဆန် တန် ၁၀ဝ အဆိုပြုဝယ်ယူရမည်ဖြစ်ကာ တင်ဒါတင်သွင်းသူသည် ကျပ်သိန်း ၁၀ဝ တိတိကို တိုင်းဒေသကြီး စပါးဝယ်ယူရေး ကြီးကြပ်မှုအဖွဲ့က သတ်မှတ်ပေးသည့် ဘဏ်မှတစ်ဆင့် တင်ဒါအာမခံအဖြစ် တင်သွင်းရမည်ဖြစ်ပြီး ဈေးနှုန်းအဆိုပြုလွှာနှင့်အတူ တစ်ပါတည်း တင်ပြရမည်ဖြစ်ကြောင်း လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။

တင်ဒါအောင်မြင်သူများအနေနှင့် ငွေပေးသွင်းပြီးချိန်မှစ၍ အပြည့်အဝထုတ်ယူပြီးချိန်တွင် တင်သွင်းထားသည့် တင်ဒါအာမခံကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကာ တင်ဒါအောင်မြင်ခြင်းမရှိသည့် အဆိုပြုသူများအတွက် တင်ဒါအာမခံကို တင်ဒါအောင်မြင်ကြောင်း ကြေညာပြီးသည့်နေ့မှ သုံးရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

S-07