News

POST TYPE

LATEST NEWS POST

တမူးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်အနီး ဓားပြတိုက်ခံရ
03-Jul-2020
ဓာတ်ပုံ-တမူး(ပြန်/ဆက်)

ကလေး၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း တမူးမြို့နယ် ထုံကတင်ကျေးရွာအုပ်စု နောင်ကတ်ကျေးရွာဟောင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်နှင့် ကပ်လျက် သားအမိနှစ်ဦးတည်းနေထိုင်သည့်အိမ်ကို သေနတ်ကိုင်ထားသူများက ဓားပြတိုက်ခဲ့ကြသည်ဟု ထုံကတင်ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောကြားသည်။

"သူတို့က သားအမိနှစ်ဦးတည်းနေတယ်။ အဲ့ဒီမှာညတုန်းက ဒေါ်မြသိုက်ကနေပြီးမှ လာကြပါဦးဆိုပြီး အော်တဲ့အသံကြားလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က အိပ်ရာထဲကထပြီး သူတို့အိမ်နားခြံစည်းရိုးမှာသွားကပ်ပြီး နားထောင်လိုက်တော့ သူ့ကိုဓားပြတွေက မအော်နဲ့၊ မပြောနဲ့ အဲ့လိုမျိုးပြောတယ်။ ဒေါ်မြသိုက်က ငါကမုဆိုးမပါ၊ ရွှေလဲမရှိပါဘူး၊ ငွေလဲမရှိပါဘူးဆိုပြီး ပြောသံကြားရတယ်။ ဓားပြတိုက်နေတဲ့အသံကြားတော့ ကျွန်တော့်အိမ်နီးဝန်းကျင်က လူသုံးဦးကို ခေါ်လိုက်တယ်။ ခေါ်လိုက်ပြီးတော့ အိမ်ကိုဝိုင်းလိုက်တယ်။ ဝိုင်းလိုက်တော့ ကျွန်တော်တို့ ရောက်နေမှန်းသိလို့ ဓားပြတွေက အိမ်အပေါက်ကိုပိတ်ပြီး နောက် ဆုတ်ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန်မှာ သူတို့ကိုဓာတ်မီးနဲ့ထိုးကြည့်ချိန်မှာ သူတို့က တူမီးသေနတ်နဲ့ပစ်တယ်။ ပစ်ချိန်မှာ တူမီးသေနတ်က မပေါက်ဘူး ဖြစ်နေတယ်။ မပေါက်တဲ့အချိန်ကျတော့  ကျွန်တော်တို့က တွေ့ရာတုတ်တွေဆွဲပြီး ပစ်လိုက်ချိန်မှာ သူတို့ကိုမှန်သွားတယ်။ ပြီးတော့ သူတို့ထွက်ပြေးကြတယ်။ သူတို့ ထွက်ပြေးချိန်မှာ ဓားပြဆိုပြီး အော်ပြီးလိုက်ကြတော့ သေနတ်အရှည် ကိုင်ထားတဲ့သူကို ဖမ်းမိလိုက်တယ်" ဟု အုပ်ချုပ်ရေးမှူးက အသေးစိတ်ရှင်းပြသည်။

အခင်းဖြစ်ကျေးရွာသည် အိမ်ခြေ ၁၈၀ ကျော်ရှိ ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ဓားပြတိုက်ခံရသည့်အိမ်သည် ရွာလယ်တွင်ရှိသည့် အိမ်တစ်အိမ် ဖြစ်သည်။

ယင်းအိမ်သို့ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက သေနတ်အရှည်ကိုင်ထားသူ တစ်ဦးနှင့်သေနတ်အတိုကိုင်ထားသူတစ်ဦးက အိမ်ပေါ်တက်ကာ ဓားပြတိုက်ခဲ့ကြခြင်းဖြစ်သည်။ 

အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်က "ကျွန်တော်တို့ရွာက ချောင်ကျတယ်။ အရင်တုန်းကတော့ ကျွန်တော့်တစ်သက်မှာတော့ ဒါပထမဆုံးအကြိမ်ပါဗျ။ နှစ်ဦးထဲက တစ်ဦးကို ဖမ်းမိလိုက်တော့ သူ့ကိုဘယ်ကလဲဆိုပြီး မေးတဲ့အခါကျတော့ သူ့ကိုလည်း ကျွန်တော်တို့က မြင်ဖူးတဲ့အခါကျတော့ သူက ကွန်းတောင်းကျေးရွာက ဖြစ်နေတယ်။ ထွက်ပြေးသွားတဲ့သူမှာက  ပစ္စတိုတစ်လက်ပါသွားတယ်။ ထွက်ပြေးတဲ့သူက နောင်ကတ်ဟောင်းရွာမှာ အရင်တုန်းကနေထိုင်ပြီး ခိုးမှုနဲ့ထောင်ကျပြီး ထောင်က ထွက်လာတဲ့သူဖြစ်နေတယ်။ ထောင်ကလွတ်လာတာ ၄ လလောက်ရှိ ပြီ။ အဲ့ဒီလူက ကွန်းတောင်းမှာ အိမ်ထောင်ကျပြီးနေနေတာ။ကျွန်တော်တို့ရွာက ကွန်းတောင်းနဲ့ဆိုရင် ၉ မိုင်လောက်ပဲဝေးပါတယ်" ဟု ဆက်လက်ပြောဆိုသည်။

ဓားပြတိုက်သူနှစ်ဦးအနက် စံထွေး (၂၆ နှစ်) ဆိုသူကို ဖမ်းမိထားခြင်းဖြစ်ပြီး ဦးဇော်ထွန်း (၃၅ နှစ်) မှာမူ ထွက်ပြေး လွတ်မြောက်နေကြောင်း မြို့သစ်နယ်မြေ ရဲစခန်းထံမှသိရသည်။

ထွက်ပြေးလွတ်မြောက်သူနှင့် အတူ ဒေါ်မြသိုက်ပိုင်ဆိုင်သည့် ဖုန်းတစ်လုံး နှင့်ကျပ်တစ်သိန်းပါသွားသည်ဟု မြို့သစ်နယ်မြေရဲစခန်း၏ မှတ်တမ်းအရ သိရသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့သစ်နယ်မြေရဲစခန်းက (ပ) ၁၄/၂၀၂၀၊ ရာဇ သတ်ကြီးပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့်ထားပြီး  ထွက်ပြေးနေသူကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေသည်ဟု မြို့သစ်နယ်မြေရဲစခန်းထံမှ သိရသည်။   

ငြိမ်းသူမင်း (VOM)