News

POST TYPE

LATEST NEWS POST

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
02-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးသူများပြားသောကြောင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို အွန်လိုင်းဘိုကင်ယူသည့် စနစ်ဖြင့် ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။

လက်ရှိတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို အွန်လိုင်းဘိုကင်စနစ် ဖြင့်လည်းကောင်း၊ ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုခြင်းများကို အွန်လိုင်းဘိုကင် ယူကာ ဖြေဆိုရသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရက်ချိန်း ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System) ကိုလည်း အွန်လိုင်းဘိုကင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတာ ဘူတာကြီးတို့မှာ လူအရမ်းများတဲ့အတွက် ဇူလိုင်ဒုတိယအပတ်က စပြီး အွန်လိုင်းယူတဲ့စနစ်နဲ့သွားမယ်။ လာလုပ်တဲ့သူက ဘယ်ရုံးမှာ လုပ်မယ်ဆိုတာ ဖော်ပြပေးရမယ်။ ဝန်ထမ်းအင်အားက နည်းပြီး လာလုပ်တဲ့သူတိုင်းက များတဲ့အတွက် အခုလို အွန်လိုင်းစနစ်လုပ်ရတာပါ”ဟု ကညန(မြင်သာ) ရုံးမှ ရန်ကုန်တိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ဆိုသည်။

ပြည်သူများအနေဖြင့် မိမိယာဉ်မောင်း လိုင်စင်သက်တမ်းတိုးလိုသည့်ရက်များကို ဇူလိုင် ၃ ရက်နေ့မှစတင်ကာ www.rtad.gov.mm Website တွင် Online Booking ကို အနည်းဆုံး ၁ ရက်မှ အများ ဆုံး ၃၀ရက်အထိ ကြိုတင်ရယူနိုင်ကြောင်း ကညနရုံးထံမှ သိရသည်။

Online Booking System ကို “က”၊ “က-၁”၊ “ခ”၊ “ဃ”၊ သက်တမ်းတိုးယာဉ် မောင်းလိုင်စင်များအတွက်သာ စတင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး “သ”၊ “ဂ”၊ “ဌ”၊ “စ”၊ “ဟ” သက်တမ်းတိုးမည့် ယာဉ်မောင်း လိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက် မိတ္တူဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များသည် Online Booking ရယူရန် မလိုဘဲ ယခင်အတိုင်းသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။

ရန်ကုန်တိုင်း ကညနရုံးများတွင် ရုံးဖွင့်ရက် တစ်ရက်လျှင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအထိ တစ်ကြိမ်၊ ၁၀ နာရီခွဲမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ်နှင့် ညနေ ၃ နာရီမှ ၄ နာရီခွဲ တစ်ကြိမ် စုစုပေါင်း လေးကြိမ်ခွဲကာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအနေဖြင့် မြင်သာ (က.ည.န) ရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စာတွေ့ဖြေဆိုမှုအောင်မြင်ပါက ရွာသာကြီး (က.ည.န)ရုံးတွင် လက်တွေ့မောင်းနှင်မှု ကို ဖြေဆိုရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင် စင်လက်တွေ့ဖြေဆိုရာတွင် ဌာနရှိယာဉ်များကို ငှားရမ်း၍မောင်းနှင်ဖြေဆိုနိုင်ပြီး ကိုယ်ပိုင်ယာဉ်များဖြင့်လည်း ဖြေဆိုခွင့်ပြုထားကြောင်း က.ည.နထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် မော်တော်ကားများ၏ ရာခိုင်နှုန်းတစ်ဝက် မှာ ရန်ကုန်းတိုင်းဒေသကြီးတွင် မှတ်ပုံတင်ရခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မှာ တစ်နိုင်ငံလုံးတွင် ၂ ဒသမ ၃ သန်းထုတ်ပေးထားကာ ယင်းအနက် ရန်ကုန်တိုင်းတွင် ယာဉ်မောင်းလိုင်စင် ၈ သိန်းကျော်ထုတ်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

S-05